ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးခဲ့တဲ့ Hachi: A Dog’s Tale ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ခွေးလေးတွေအကြောင်းတစေ့တစောင်း

dog2.jpg

၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့ပြီး ကြည့်ရှုသူတွေကို မျက်ရည်ကျစေခဲ့တဲ့ ကြေကွဲဝမ်းနည်းဖွယ်ဇာတ်ကား Hachi: A Dog’s Tale ကို မှတ်မိကြမယ်ထင်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဟာချိဆိုတဲ့ ခွေးလေးဟာ သခင်အပေါ် သစ္စာရှိလွန်းပြီး သခင် ရုတ်တရက်သေဆုံးသွားပြီးတဲ့နောက်မှာတောင် ၉ နှစ်ကျော်အထိ နေ့တိုင်း ရထားဘူတာမှာ သခင်ဖြစ်သူကို လာစောင့်နေတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။

ဇာတ်ကားထဲက ဟာချိဆိုတဲ့ခွေးလေးက အာခီတာခွေးအမျိုးအစားပါ။ ခွေးတစ်ကောင်တည်း ပါဝင်သရုပ်ဆောင်ခဲ့တာမဟုတ်ဘဲ Layla၊ Chico၊ Forrest ဆိုတဲ့ ခွေးလေး ၃ ကောင် ပါဝင်ခဲ့တာပါ။ ဇာတ်ကားအတွက် အဲ့ဒီခွေးလေး ၃ ကောင်ကို တိရစ္ဆာန်လေ့ကျင့်သင်ကြားပေးသူတွေက လေ့ကျင့်ပေးခဲ့တာပါ။

ဟာချိအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဲ့ဒီခွေးလေး ၃ ကောင်ကတော့ လက်ရှိအချိန်မှာ မရှိတော့ပါဘူး။ သေဆုံးသွားခဲ့ပါပြီ။ အရင်ဆုံး Chico အကြောင်း ပြောပြရရင် Chicoက ဟာချိအလတ်စားလေးအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ သူဟာ ဟာချိဇာတ်ကောင်ကို ပီပြင်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ Chico ကို Mark Harden က လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ Mark Hardenက အစပိုင်းမှာ Chicoလို အာခီတာခွေးအမျိုးအစား သရုပ်ဆောင်ဖို့အတွက် စိန်ခေါ်မှုဖြစ်ခဲ့ပေမဲ့ ဇာတ်ကားအတွက် Chico ကို အောင်အောင်မြင်မြင်နဲ့ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ဇာတ်ကားပြီးမြောက်ခဲ့ပြီးတဲ့နောက်မှာ Mark Harden က Chico ကို မွေးစားခဲ့ပါတယ်။ Chico ဟာ ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၄ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ Layla နဲ့ Forrest တို့က Chico ထက် အရင်သေဆုံးသွားခဲ့တာပါ။

Layla ကတော့ အရွယ်ရောက်လာပြီးသားဟာချိအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ Layla ရဲ့ချစ်ခင်ကြင်နာတတ်သော စရိုက်လက္ခဏာကြောင့် လူသိများပြီး “အနမ်းခွေး” ဆိုတဲ့ နာမည်ပြောင်ကို ရရှိခဲ့ကာ မင်းသား Richard Gere ဇာတ်ကောင်နဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ဇာတ်ကားပြီးသွားတဲ့နောက်မှာ Mark Harden နဲ့အတူ လေ့ကျင့်ပေးတဲ့ David Allsberry က Laylaကို မွေးစားခဲ့ပါတယ်။ Layla က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးသွားပြီဆိုတာကို သူ့သခင်ကိုယ်တိုင် ကြေညာခဲ့တာပါ။

နောက်ဆုံးခွေးလေးဖြစ်တဲ့ Forrest ကတော့ ဇာတ်ကားရဲ့ဇာတ်အမြင့်ဆုံးနောက်ဆုံးအခန်းတွေမှာ ပါဝင်ခဲ့တာပါ။ သခင်ဖြစ်သူကို ရထားဘူတာမှာ စောင့်ဆိုင်းရင်း အသက်ကြီးလာကာ နောက်ဆုံးထွက်သက်ရောက်သွားတဲ့ ဇာတ်ဝင်ခန်းတွေမှာ ဟာချိဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ခဲ့တာပါ။ Mark Harden က ငယ်သေးတဲ့ Forrest ကို အသက်ကြီးသွားတဲ့ပုံဖြစ်အောင် အထူးနည်းစနစ်တွေအသုံးပြုခဲ့ရပါတယ်။ Forrest ကို ဖြည်းဖြည်းလေးသွားအောင်သင်ပေးတာနဲ့ နောက်ဆုံးအခန်းတွေမှာ ချည့်နဲ့နေတဲ့ပုံပေါက်အောင် မိတ်ကပ်အသုံးပြုပေးတာတွေပါ။ Forrest ရဲ့ပိုင်ရှင်ကတော့ Joey Capaldi ပါ။ Forrest ကတော့ ကျန်တဲ့ခွေး ၂ ကောင်ထက် အစောဆုံးသေဆုံးသွားခဲ့တာပါ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ မှာ သေဆုံးသွားခဲ့ပါတယ်။

Ref: Hachi: A Dog’s Tale

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top