မက်ဆာချူးဆက်နည်းပညာသိပ္ပံဌာန(MIT )ရဲ့ ပလာစမာသိပ္ပံနှင့် ဓာတ်ပေါင်းစင်တာအကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ပါမောက္ခ နူနိုလောရိုင်ရိုဟာ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ပေါ်တူဂီနိုင်ငံသား ရူပဗေဒပညာရှင်၊ ဓာတ်ပေါင်းသိပ္ပံပညာရှင် လော်ရိုင်ရိုဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဒေါက်တာဘွဲ့ ရခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက မက်ဆာချူးဆက်နည်းပညာသိပ္ပံဌာနမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ Plasma Science and Fusion Center အကြီးအကဲအဖြစ် တာဝန်ယူထားချိန်မှာ သန့်ရှင်းစွမ်းအင်နည်းပညာနဲ့ အခြားသုတေသနတွေကို အဆင့်မြှင့် လုပ်ဆောင်ဖို့ ရည်ရွယ်ကြိုးပမ်းနေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ညက မက်ဆာချူးဆက်ပြည်နယ်၊ ဘရွတ်ခ်လိုင်းမြို့မှာရှိတဲ့ သူ့နေအိမ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသလို ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။
အခင်းဖြစ်ပွားရာနေရာနဲ့ မိုင် ၅၀ နီးပါးကွာဝေးတဲ့ ရုဒ်ကျွန်းမှ ဘရောင်းတက္ကသိုလ်မှာ ပြီးခဲ့တဲ့စနေနေ့က သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းသား ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ပစ်ခတ်ခဲ့သူဟာ အသက် ၄၈ နှစ်အရွယ်ရှိတဲ့ နီဗက်စ်ဗလန်တေးဆိုသူ အမျိုးသားဖြစ်ပြီး ကျောင်းသားတွေကို ပစ်ခတ်ခဲ့ပြီးနောက် လော်ရိုင်ရိုကို လာရောက်ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယုံကြည်လျက် ရှိပါတယ်။
Ref: MIT grieves shooting death of renowned director of plasma science center
NZ ( ရိုးရာလေး)

