စာရေးသူတို့ နိုင်ငံမှာ တခြားဈေးကွက်တွေ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် အားကောင်းမြဲ အားကောင်းနေတတ်သည့် ဈေးကွက်တစ်ခုရှိသည်။ ဂျင်းဈေးကွက်ဖြစ်သည်။ စားရသည့် “ချင်း”မဟုတ်၊ ထည့်ရသည့် “ဂျင်း”ဖြစ်၏။ သိမှုနုနယ်သူများကို အခွင့်ကောင်းယူခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် သင့်မည်ထင်၏။ ဂျင်းမှာပင် ပေါ်ပင်ဂျင်းနှင့် အမြစ်တွယ်နေသည့်ဂျင်းဟူ၍ အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားနိုင်၏။ ယုံကြည်စွာ ဝေမျှလျှင် (share) “ထီပေါက်မည်၊ ငွေတွေဝင်မည်”။ မြင်လျှက်နှင့် မဝေမျှလျှင် “ကံဆိုးမည်”ဆိုတာမျိုးက ပေါ်ပင်ဂျင်းဖြစ်သည်။ လူမှုကွန်ရက်မှာ ဖန်တရာတေအောင် တွေ့နေ၊ မြင်နေရလို့ ကြာလျှင် ရိုးအီသွားမည်ဖြစ်သည်။ အမြစ်တွယ်နေသည့်ဂျင်းတွေကိုတော့ လူမှုဘဝမှာ မြင်ရနိုင်သည်။
ဒီရက်ပိုင်း စာရေးသူ ဇနီးသည် မီးဖွားပြီးချိန်မှာ အမြစ်တွယ်နေသည့်ဂျင်းတွေကို လက်ပွန်းတတီး ကြုံလာရသည်။ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့မှာသည့် ဆရာဝန်တွေ ညွှန်ကြားချက်နှင့် ရေတိုက်ဖို့ တတွတ်တွတ်ပြောသည့် လူကြီးသူမများကြား စာရေးသူဇနီး ဗျာများရပြီ။ သုတေသန ပြုလုပ်ချက်တွေအရ ရေတိုက်လျှင် ကလေးငယ် ဗိုက်ပြည့်ပြီး အာဟာရ ပြည့်ဝသည့်၊ ကိုယ်ခံအားကောင်းစေသည့် မိခင်နို့ကို ကလေးငယ် စို့ချင်စိတ် လျော့နည်းသွားနိုင်၏။ ထို့အပြင် မသန်႔ရှင်းသည့်ရေတိုက်မိပါက ကလေးငယ် ဝမ်းပျက်တာ၊ အော့အန်တာမျိုး ဖြစ်နိုင်သည်။ ထို့ကြောင့် ဆရာဝန်များက ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်စေခြင်းဖြစ်သည်။
(အထူးသဖြင့် ရိုးအသည့်)လူကြီးသူမများကတော့ ၎င်းတို့ ဖြတ်သန်းခဲ့သည့် ဘဝတွင် ကြုံခဲ့ရသည့် အတွေ့အကြုံများကိုသာ ကိုင်ဆုပ်ထားကြသည်။ အသစ်ကို လက်မခံချင်ကြပေ။ မီးနေသည်ကို ဆပ်ပြာမကိုင်ခိုင်းသည်မှအစ ဟင်းခါးနှင့် အသား၊ ငါးကြော်များသာ စားစေသည့်ကိစ္စအလယ် ညဘက်အပြင်မှ ပြန်လာရင် “ဖက်၊ ဖက်၊ ဖက်”လုပ်ခိုင်းသည်အဆုံး မရိုးရအောင်ပင် ဖြစ်သည်။ ဤကိစ္စများမှာ မီးနေသည်နှင့်ပတ်သက်ပြီး အစအနမျှသာရှိသေးသည့် အမြစ်တွယ်ဂျင်းများဖြစ်သည်။ မီးနေသည် ဆပ်ပြာဖြင့် လက်မသန်႔စင်ပါက ကလေးငယ် ရောဂါပိုးကူးစက်နိုင်၏၊ မီးနေသည်ကို မဲပြာလာပုဆိုး၊ ခေါက်ရိုးကျိုးဟင်းများသာ ကျွေး၍ စားချင်စိတ်ကုန်ခန်းပြီး စားမဝင်ပါက ကလေးငယ် အာဟာရမပြည့်ဝနိုင်၊ “ဖက်၊ ဖက်၊ ဖက်”လုပ်ပါက အာညောင်းရုံသာ အဖတ်တင်၏။
တောရွာတစ်ခုကို သွားခဲ့စဉ်ကလည်း ရှင်ပြုပွဲကို မိုးမဖျက်စေရန် ဖယောင်းတိုင် တစ်တိုင်ပြီးတစ်တိုင် မီးကူးပြီး ပူဇော်သည့် အလေ့အထ ကြုံရဖူးသည်။ ကိုကြီးကျော်ပွဲတွင် နတ်ကတော်များ အရည်ရော၊ အဖတ်ပါ အူစိုကြနေကြချိန် ဝမ်းဟာ၍ တောင်းရမ်းသည့် ကလေးငယ်များကို ပွဲပေးသူက အော်ဟစ်မောင်းထုတ်ကြောင်း ကြားသိဖူး၏။ အမြစ်တွယ်နေသည့်ဂျင်းများပင်။
မြန်မာပြည်တွင် ဗုဒ္ဓသာသနာထွန်းကား၏။ ဗုဒ္ဓမှာ သူ့ကိုပင် အတင်းမယုံခိုင်း။ အပြန်ပြန်အလှန်လှန် လေ့လာဆန်းစစ်ဖို့ ဟောကြားခဲ့၏။ စာရေးသူကတော့ လူပိန်းမို့ “ခေါင်းသုံးခိုင်းခဲ့သည်”ဟု ခပ်လွယ်လွယ်နားလည်မိသည်။ သို့သော် ခေါင်းကို ကောင်းကောင်းသုံးဖို့ အခြေအနေမပေးခဲ့သည့်ကာလများရှိသည်။ အင်္ဂလိပ်လက်အောက်မရောက်ခင် သက်ဦးဆံပင် ဘုရင်စနစ်မို့ အလိုလိုက်၊ အကြိုက်ဆောင်ရချိန် ခပ်များများဖြစ်ခဲ့သည်။
ထိုမှတစ်ဖန် အင်္ဂလိပ်လက်အောက်မှာ ဖိနှိပ်ခံခဲ့ရသလို လွတ်လပ်ရေးရလို့ အလင်းပွင့်မယ်ရှိသေး၊ အမှောင်ခေတ်တွေ ထပ်ဖြတ်ခဲ့ရပြန်သည်။ အထူးသဖြင့် စာရေးသူတို့နှင့် အနီးဆုံးခေတ်တွေကတော့ ခေါင်းသုံးရန် ကြောက်နေသည့် အချိန်ကာလ ဖြစ်ခဲ့သည်။ စာအုပ်ပင် ရဲရဲမဖတ်ဝံ့၊ စကားပင် ကျယ်ကျယ်မပြောဝံ့၊ ယုတ်စွအဆုံး အတွေးပင် ဖြောင့်အောင်မတွေးရဲသည့် အခြေအနေများ ရှိခဲ့ဖူးသည်။ ထိုသို့သော အခြေအနေများတွင် “ဘာကြောင့်”၊ “ဘယ်လို”ဆိုသော မေးခွန်းမေးဖို့သာသာ၊ ပုတ်သင်ညိုက ဆရာတင်လောက်အောင် ခေါင်းငြိမ့်ကျွမ်းခဲ့ရသည်။ ခေါင်းငြိမ့်ကျွမ်းမှ အနေအစားချောင်သည့် နှစ်ကာလတွေ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ကိုယ့်အသိဥာဏ်အရ ကိုယ့်စိတ်ထဲမှာ လက်ခံဖို့ တွေဝေနေပေမဲ့ တန်ပြန်မေးခွန်းထုတ်ဖို့ထက် ခေါင်းငြိမ့်လိုက်ရသည်ကသာ များသည်။ ဤသည်မှာ တစ်ဦးတစ်ယောက်မျှမဟုတ်၊ ခေတ်ရှိ လူအများစုဖြစ်ခဲ့သည်။
ဤသို့သော အခြေအနေမျိုးတွင် ဂျင်းများ အမြစ်တွယ်သထက် တွယ်ခဲ့သည်။ သတင်းအမှားများ တောမီးလို ပျံ့နှံ့ခဲ့ကြသည်။ သိမှုနုနယ်သူများမှာ “လုပ်စား”များ လိမ့်သမျှကို တစ်ကိုယ်လုံးကော့အောင် ခံခဲ့ကြရသည်။ သူတို့၏ စိတ်သဏ္ဍာန်တွင် အယူအဆ အလွဲများ “ကင်ဆာဆဲလ်”လို အမြစ်တွယ် ပြန်႔ပွားကုန်ကြ၏။ ထိုသူများက အမှားကို အမှန်ထင်ပြီး လက်တွေ့ကျင့်သုံးရုံမျှနှင့် အားမရသေး။ နောက်မျိုးဆက်ကိုပါ လက်ဆင့်ကမ်းကြပြန်သည်။
အကယ်၍ အယူအဆမှား၊ အတွေးအခေါ်အမှား၊ ဝါဒအမှား၊ သိမှုအမှားများကို ကိုယ်တိုင်ကိုယ်ကျသိလျှင် ဥာဏ်ပညာကို မြေကတုပ်လုပ်ပြီး ကိုယ်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအမှားများသည် ဗုံးနှင့်တူသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ဗုံးများကို လက်ဆင့်ကမ်းနေပါက လက်ဝယ်ရရှိသူအားလုံး ဗုံးကွဲ၍ သေကြေကြမည်ဖြစ်သကဲ့သို့ အယူအဆအမှား၊ အတွေးအခေါ်အမှား၊ ဝါဒအမှား၊ သိမှုအမှားများကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနေပါက မျိုးဆက်တိုင်း ထိခိုက်ကြမည်ဖြစ်သည်။ မျိုးဆက်သစ်တွေ ပြဿနာရှင်းရင်း ရှေ့ခရီးမတွင်နိုင်တာမျိုး အဖြစ်မခံသင့်တော့။ တခြားနိုင်ငံတွေထက် ခေတ်တွေ နောက်ကျပြီးရင်း နောက်ကျ၊ အသစ်တွေ နောက်ကျပြီးရင်း နောက်ကျ၊ ကျပြီးရင် ကျမဆုံး၊ အားကျနေရုံသာ ဖြစ်ရတော့မည်။
ထို့ကြောင့် လက်ဆင့်ကမ်းရင်း ကိုယ့်ဆီရောက်လာမည့် အရာကို ကျွန်တော်တို့ စေ့စေ့စပ်စပ် ပိုင်းခြားရမည်ဖြစ်သည်။ ဗုံးဖြစ်နေပါက နောက်မျိုးဆက်ကို လက်ဆင့်မကမ်းသင့်တော့။
Team (ရိုးရာလေး)