ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးဟာ ဘူးခွံအဟောင်းတွေကို recycle လုပ်ပြီး ပရဟိတအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၂၀၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။
အသက် ၁၃ နှစ်အရွယ် ကလေးငယ် ရိုင်ယန်ဟူလန့်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ဖို့နဲ့ ဒေသတွင်းက စားနပ်ရိက္ခာဘဏ်တွေကို ကူညီဖို့ ရည်ရွယ်ပြီး “We Can CIC” ဆိုတဲ့ လူမှုကူညီရေးအဖွဲ့လေးကို စတင်တည်ထောင်ခဲ့တာပါ။
၂၀၂၃ ခုနှစ်ကစတင်ပြီး ရိုင်ယန်ဟာ ကျောင်းဆင်းချိန်နဲ့ ပိတ်ရက်တွေမှာ တစ်ပတ်ကို နာရီ ၂၀ ခန့် အချိန်ပေးပြီး သတ္တုဘူးခွံတွေကို ကောက်ယူပြီး သူ့အိမ်မှာ စုထားခဲ့ပါတယ်။ နေရာကျဉ်းကျဉ်းမှာ သတ္တုဘူးခွံ များများစုထားနိုင်ဖို့အတွက် ရိုင်ယန်ရဲ့မိဘတွေက သတ္တုဘူးခွံတွေကို ကားနဲ့ကြိတ်ပြီး ပြားချပ်သွားအောင် လုပ်ပေးခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ သူတို့မိသားစုရဲ့ လုပ်ဆောင်မှုအကြောင်း သိသွားတဲ့ Recycling စက်ရုံတစ်ခုက စက်ရုံသုံးကြိတ်စက်တစ်လုံး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ရိုင်ယန်ဟာ ၃ နှစ်တာကာလအတွင်း သတ္တုဘူးခွံဟောင်း ၁.၅ သန်းကျော်ကောက်ယူပြီး ပေါင် ၁၀၀၀၀ ( အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဝန်းကျင်) ရှာဖွေနိုင်ခဲ့ပါတယ်။ ရိုင်ယန်က သူ့ရဲ့ကတိအတိုင်းပဲ ရရှိလာတဲ့ငွေ တပြားတချပ်ကိုမျှ ကိုယ်ကျိုးအတွက် မသုံးခဲ့ပါဘူး။ ဒေသတွင်းမှာရှိတဲ့ စားနပ်ရိက္ခာဘဏ်တွေ (Food Banks) နဲ့ စားဝတ်နေရေးအတွက် ခက်ခဲနေတဲ့ အမျိုးသမီးရိပ်သာတွေအတွက် ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ဝယ်ယူလှူဒါန်းပေးခဲ့ပါတယ်။
ရိုင်ယန်ရဲ့ အားထုတ်မှုကို ကြည့်ရှုချင်ရင်တော့ Can-Do Attitude! Schoolboy Recycles a Million Drinks Cans (YouTube) မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Ref: Schoolboy With ‘Can-Do’ Attitude Has Recycled a Million Cans and Donated the Proceeds to Charity
NZ (ရိုးရာလေး)

