ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE သည် မြန်မာနိုင်ငံ၏ ထိပ်တန်းပရော်ဖက်ရှင်နယ် ဘောလုံးကလပ်တစ်ခုဖြစ်သော ရှမ်းယူနိုက်တက်အသင်း၏ တရားဝင်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် PUBG MOBILE သည် မြန်မာနိုင်ငံ အားကစားကဏ္ဍကို တစ်ဖက်တစ်လမ်းက ပံ့ပိုးသွားမည်ဖြစ်ပြီး ထိုလုပ်ဆောင်မှုသည် PUBG MOBILE ၏ ကတိကဝတ်ဖြစ်သော Esports ကဏ္ဍအပြင် မြန်မာ့ဘောလုံးအားကစားကို ပံ့ပိုးသွားနိုင်ရေးကို ပေါ်လွင်စေသည့် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။
“PUBG MOBILE အနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံရဲ့ ထိပ်တန်းပရော်ဖက်ရှင်နယ် ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ Esports ဂိမ်းကဏ္ဍအပြင် မြန်မာနိုင်ငံရဲ့ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး ပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိပါတယ်။ ဒါက မြန်မာလူငယ်တွေအတွက် ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်တွေထဲက တစ်ခုဖြစ်ပြီးတော့ Esports ကဏ္ဍအပြင် အခြားနယ်ပယ်ပေါင်းစုံကနေ ပံ့ပိုးသွားချင်တဲ့ ရည်ရွယ်ချက်ရဲ့ အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်” ဟု PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က ပြောကြားခဲ့သည်။
ယခု PUBG MOBILE နှင့် ရှမ်းယူနိုက်တက်ဘောလုံးအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများတွင် Limited Edition ဂျာစီအင်္ကျီများ ထုတ်လုပ်သွားမည်ဖြစ်ပြီး နှစ်ဖက်သော ပရိသတ်များ အကြိုက်တွေ့စေမည့် ရှမ်းယူနိုက်တက်အသင်းကစားသမားများနှင့် ပူပေါင်းလုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ပါဝင်လာမည်ဖြစ်သည်။ ဤအစီအစဉ်များမှ တစ်ဆင့် ပရိသတ်များသည် ၎င်းတို့ အကြိုက်ဆုံး PUBG MOBILE နှင့် ဘောလုံးအသင်းတို့ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်မည်ဖြစ်သည့်အပြင် ဘောလုံးအားကစားနှင့် Esports ဂိမ်းကဏ္ဍတို့တွင် တူညီသော စိတ်အားထက်သန်မှုနှင့် ယှဉ်ပြိုင်လိုစိတ်တို့ကိုလည်း တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။

“အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ အားကစားနဲ့ Gaming Industries နှစ်ခုလုံးအတွက် အင်မတန် ထူးခြားဆန်းသစ်တဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ လူငယ်တွေ အများဆုံး စိတ်ဝင်စားတဲ့ ပလက်ဖောင်း နှစ်ခုဖြစ်တဲ့ ဘောလုံးအားကစားနဲ့ Esports ကို တစ်နေရာတည်းမှာ ပေါင်းစည်းပေးခြင်းအားဖြင့် အားကစားပရိသတ်တွေနဲ့ Gaming Community အကြား ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်မှာပါ။ အခုလို ပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် အားကစား ဝါသနာရှင် ပရိသတ်တွေနဲ့ လူငယ်တွေဆီကို ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံသွားဖို့ ရည်ရွယ်ထားသလို စိတ်လှုပ်ရှားစရာကောင်းတဲ့ Innovative Digital Experiences အသစ်တွေကိုလည်း အတူတကွ ဖန်တီးပေးသွားမှာဖြစ်လို့ အားလုံးပဲ စောင့်မျှော် အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း၏ General Secretary ဖြစ်သူ ဒေါ်ရှုမငြီးအောင်က ပြောကြားခဲ့သည်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာလူငယ်များနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထားရှိသည့် PUBG MOBILE ၏ ကတိကဝတ်နှင့် ရင်းနှီးမြှုပ်နှံမှုကို ထင်ဟပ်ပြသလျက်ရှိသည်။ PUBG MOBILE အနေဖြင့် မြန်မာ Esports အသိုက်အဝန်းအတွက်သာမက ဒေသတွင်း အားကစားကဏ္ဍများနှင့် အခြားသော ကဏ္ဍများတွင်ပါ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပံ့ပိုးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
NZ (ရိုးရာလေး)

