COVID-19 ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မလျော့ဘဲ ဆောင်ရွက်နေ

6-3-2020-yyl-016.jpg

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်(COVID-19)ဖြစ်ပွားသူ မရှိသေးပေမယ့် ဆောင်ရွက်နေတဲ့ လုပ်ငန်း တွေကို အရှိန်မလျော့ဘဲ သေသေချာချာကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စိစစ်အတည်ပြုထားတဲ့ သတင်းအမှန်တွေကို သိရှိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မတ် ၆ ရက်၊ နံနက်ပိုင်းက ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာသမားများနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

အခုလက်ရှိအနေအထားအရ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားသူ နည်းလာ ပေမယ့် အခြားနိုင်ငံတွေမှာ နောက်ထပ် ရောဂါကူးစက်ခံရသူ များလာတဲ့အတွက် အခုလို ကြပ်ကြပ်မတ်မတ်ဆောင်ရွက် နေရခြင်းဖြစ်တယ်လို့ ဒေါက်တာထွန်းတင်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကိုလည်း စိတ်ဝင်တစားနဲ့ သေသေချာချာ စောင့်ကြည့်နေရပြီး ဒီပြည်နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်း နောက်ထပ် ရောဂါဖြစ်ပွားသူ မရှိသလောက် နည်းသွားတယ်လို့ ၎င်းက ပြောပါတယ်။

COVID-19 ထိန်းချုပ်ရေးလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ နိုင်ငံတကာလေဆိပ်၊ နိုင်ငံတကာ ရေဆိပ်နဲ့ ကုန်းလမ်းဖြစ်တဲ့ နယ်စပ်ဝင်ပေါက်တွေမှာ သေသေချာချာ စစ်ဆေးနေတာတွေအပြင် ကိုယ့်နိုင်ငံအတွင်းမှာ ရှိနေလားဆိုတာကိုလည်း စောင့်ကြည့်နေရပါတယ်။

COVID-19 ဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုများလာပြီလို့ စတင်သိရှိတဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာပဲ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ သံသယလူနာအဆင့်သာ တွေ့ရှိရပြီး အဲဒီလူနာတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်မတွေ့ရဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတိအလင်းထုတ်ပြန်ထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top