၂၀၆၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာ စွန့်ပစ်ဆိုလာပြား တန်ချိန် ၂၉၇ သန်းကနေ ၄၀၂ သန်းအထိ ရှိလာနိုင်တယ်လို့ Nature ဂျာနယ်မှ လေ့လာမှုသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒီစွန့်ပစ်ပစ္စည်းတွေဟာ ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပြီး စွန့်ပစ်ဆိုလာပြားတွေကို ပြန်လည်ပြုပြင်သုံးစွဲခြင်း (Recycling) လုပ်ငန်းဟာ ၂၀၆၀ ပြည့်နှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၅၂၉.၁ ဘီလျံကနေ ၉၃၅.၅ ဘီလျံအထိ စီးပွားရေးအကျိုးအမြတ်တွေ ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။
ဆိုလာပြားတွေမှာ ဆီလီကွန်၊ ငွေ၊ ကြေးနီနဲ့ အလူမီနီယမ် အစရှိတဲ့ တန်ဖိုးကြီး ရင်းမြစ်ပစ္စည်းတွေ ပါဝင်ပြီး ဒီပစ္စည်းတွေကို ပြန်လည်ထုတ်ယူ အသုံးပြုနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ တချို့ဆိုလာပြားတွေမှာ ခဲ (Lead) နဲ့ ကက်ဒမီယမ် (Cadmium) တို့ ပါဝင်တာကြောင့် ပြန်လည်သုံးစွဲတဲ့နေရာမှာ စနစ်ကျဖို့တော့ အရေးကြီးပါတယ်။
သုတေသီတွေဟာ ဒေသ ၃၂ ခုမှာ ပြန်လည်ပြုပြင်သုံးစွဲရေး နည်းပညာ၊ ကုန်ကြမ်းဈေးနှုန်း၊ ကုန်သွယ်ရေးနဲ့ အစိုးရ ပံ့ပိုးကူညီမှုစတဲ့ အခြေအနေ ၁,၇၀၈ မျိုးကို လေ့လာဆန်းစစ်ခဲ့ကြတာပါ။
ပြန်လည်အသုံးပြုရေးဆိုင်ရာ အဆင့်မြင့် နည်းပညာနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစပ်လိုက်ရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပြီး ၂၀၆၀ ပြည့်နှစ်အရောက်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှု တန်ချိန် ၃.၃၂ ဘီလီယံအထိ လျှော့ချ ကာကွယ်နိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။
Ref: By 2060, discarded solar panels could total 297 to 402 million tonnes worldwide
NZ (ရိုးရာလေး)

