ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်စေရန် အက်တမ်(ATOM) မှ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အား မိတ်ဆက်

bri.webp
  • တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူရန် ငွေကြေးဆိုင်ရာ အခက်အခဲ/လိုအပ်ချက် ရှိနေသည့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ထူးချွန် ကျောင်းသား၊ ကျောင်းသူများအတွက် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်။  
  • ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးသည် အောင်အောင်မြင်မြင်နှင့် ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက် လစဉ် ထောက်ပံ့ကြေး၊ ကျောင်းလခနှင့် စာအုပ်စာတမ်း စရိတ်များ စသည့် ငွေကြေးပံ့ပိုးမှုများရရှိနိုင်။
  • ပညာရေးကဏ္ဍ မြှင့်တင်ရေး ကတိကဝတ်နှင့်အညီ အက်တမ်(ATOM) သည် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် များအတွက် ပံ့ပိုးကူညီပေးလျက်ရှိပြီး ခိုင်မာအားကောင်း၍ အားလုံးပါဝင်နိုင်သော ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ ရှေ့ရှုဆောင်ရွက်လျက်ရှိ။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင်အောက်မှ ပညာရေးဆိုင်ရာ အစီအစဉ်သစ်တစ်ခုဖြစ်သည့် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်။ အဆိုပါ အစီအစဉ်သည် ငွေကြေးဆိုင်ရာ အခက်အခဲများရှိနေသည့် ထူးချွန်ထက်မြက်သော ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူ နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများသည် အက်တမ်(ATOM) ၏ Facebook, Website နှင့် LinkedIn တို့မှတစ်ဆင့် အလွယ်တကူ ရယူနိုင်သည့် ATOM’s “Bright Futures” Scholarship Program  တရားဝင် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်သည်။ လျှောက်ထားသူများထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (၁၀) ဦးအား ရွေးချယ်၍ စာသင်ကုန်ကျစရိတ်များအတွက် လစဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၃) သိန်း အပြင် ကျောင်းလခ၊ စာအုပ်စာတမ်းစရိတ်များအတွက် နှစ်စဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၅) သိန်း ပါဝင်သည့် ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။  

“လူငယ်တိုင်းဟာ ဘယ်လိုပဲငွေကြေးအခက်အခဲတွေရှိနေပါစေ မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်နဲ့ ထိုက်တန်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ်  Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဟာ ပညာရေး အဟန့်အတားဖြစ်စေမှုကို ဖယ်ရှားပေးပြီး ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ပွင့်လင်းစေကာ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ဆိုတဲ့ အက်တမ်(ATOM) ရဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီနေ့မှာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးရုံတင်မကဘဲ ပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ပညာသင်ဆု ရရှိသူများကို ငွေကြေးဆိုင်ရာ လိုအပ်ချက် အထောက်အထား၊ ထူးချွန်သည့် ပညာအရည်အချင်းနှင့် အရည်အချင်းစစ်ဆေးမှုဆိုင်ရာ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများအပေါ် မူတည်၍ ပွင့်လင်း မြင်သာသော စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆု ရရှိသူများအနေဖြင့် စာသင်နှစ်တစ်လျှောက် ကောင်းမွန်သော လုပ်ဆောင်ချက်ရလဒ်များကို ထိန်းသိမ်းထားရန်၊ စာသင်နှစ်တစ်ခုစီကို အောင်မြင်စွာ ပြီးမြောက်ရန်နှင့် ပညာသင်ဆု၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာရန် လိုအပ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ပညာသင်ဆု ရရှိသူများကို နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပမည့် ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနားတွင် တရားဝင် ကြေညာပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ရန်အတွက် ခရီးစရိတ်များကိုလည်း အက်တမ်(ATOM) မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် ကလည်း “ကျွန်တော်တို့ရဲ့ ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင် ကနေတစ်ဆင့် အက်တမ်(ATOM) ဟာ လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းကောင်းတွေကို အစဉ်အမြဲ ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ဟာ လာမယ့်မနက်ဖြန်တွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မြန်မာလူငယ်တွေနဲ့အတူ အမြဲတမ်း အတူတကွ ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိက ဝတ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှရှိမှုကို မြှင့်တင်ရေး၊ အခွင့်အလမ်းရရှိမှု တိုးချဲ့ရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့ လမ်းကြောင်းတွေကို တည်ဆောက်နိုင်အောင် စွမ်းဆောင်ပေးရေး စတဲ့ ကျွန်တော်တို့ရဲ့  လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ကိုလည်း မီးမောင်းထိုးပြနေပါတယ်” ဟု ပြောကြားခဲ့သည်။

အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်မှတစ်ဆင့် ပညာရေးကဏ္ဍ မြှင့်တင်ရန်နှင့် မြန်မာလူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ငွေကြေးဆိုင်ရာ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် စွမ်းရည်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း များအတွက် ပိုမိုတောက်ပပြီး အားလုံးပါဝင်နိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး အခွင့်အလမ်းများကို ဆက်လက် ဖန်တီးပေးလျက်ရှိသည်။

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top