နေမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို မြေပဲထုပ်ရောင်းပြီး လုပ်ကျွေးနေတဲ့ ကိုရီးယား – ဖိလစ်ပိုင်ကပြားကောင်လေး

17-6-2022-yyl01.jpg

အာဂျေက အသက် ၁၃ နှစ်အရွယ် ကိုရီးယား- ဖိလစ်ပိုင်ကပြားကောင်လေး၊ သူ့အဖေက ကိုရီးယားလူမျိုး၊ သူ့အမေက ဖိလစ်ပိုင်လူမျိုးပါ။ အခု ဖိလစ်ပိုင်နိုင်ငံ၊ ဘာကိုလော့မြို့မှာ သူ့အမေ၊ သူ့ဦးလေးတွေနဲ့ နေထိုင်နေတယ်။ သူ့ဦးလေးက Lechon ဝက်သားကင်ဆိုင်မှာ အလုပ်လုပ်တယ်။ အစက​တော့ သူ့အမေက လမ်းပေါ်မှာ သံပုရာရည်ရောင်းခဲ့တယ်။

ဒါပေမဲ့ မကြာသေးခင်က သူ့အမေ နေမကောင်းဖြစ်သွားတယ်။ အာဂျေက နေမကောင်းဖြစ်နေတဲ့သူ့အမေရဲ့ကိုယ်စား အလုပ်လုပ်ပြီး Jollibee နဲ့ McDonald’s လိုစားသောက်ဆိုင်တွေရှေ့မှာ မြေပဲထုပ်တွေ ရောင်းတယ်။ အာဂျေက မြေပဲကို လက်ကားဆိုင်တွေကနေ တစ်ထုပ်ကို ၅ ပီဆိုနဲ့ ယူပြီး ၁၀ ပီဆိုနဲ့ ပြန်ရောင်းပါတယ်။

မြေပဲထုပ်ရောင်းရတဲ့ ငွေပမာဏက တစ်နေ့ကို ၁၀၀ ပီဆိုပါ။အာဂျေကို ၂၀၀၉ ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့အမေက မနီလာမြို့မှာ ကိုရီးယားလူမျိုးအမျိုးသားတစ်ယောက်နဲ့ တွေ့ပြီး ကိုယ်ဝန်လွယ်ခဲ့ရပါတယ်။ အဲဒီအမျိုးသားကို ကိုယ်ဝန်အကြောင်းအသိပေးတော့ ဒေါသပဲထွက်ပြီး ဘာအထောက်အပံ့မှလည်း မပေးခဲ့ဘူး။

အာ​ဂျေရဲ့နာမည်အရင်းက ရမ်ဂျေပါ။ ဖိလစ်ပိုင်နိုင်ငံက လူတွေဟာ မိခင်ရဲ့မိသားစုနာမည်ကို အလယ်နာမည်အဖြစ်သုံးပြီး ဖခင်ရဲ့ နောက်ဆုံးနာမည်ကို ပေးကြပါတယ်။ ဒါပေမဲ့ အာဂျေက သူ့အမေရဲ့နောက်ဆုံးနာမည်ယူထားတာကြောင့် အလယ်နာမည်မရှိပါဘူး။ အာဂျေရဲ့အဖေအရင်းနာမည်ကို ဂျိမ်းစ်လို့ပဲ သူ့အမေက သိထားပါတယ်။ သူ့အဖေရဲ့ကိုရီးယားနာမည်နဲ့ လိပ်စာကိုလည်း မသိပါဘူး။

ဖိလစ်ပိုင်နိုင်ငံက ကိုရီးယားစားသောက်ဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင်ကင်မ် ဟာ အာဂျေအကြောင်းကို သူ့ရဲ့ Youtube ချန်နယ်ကတဆင့် တင်ခဲ့ပြီးတဲ့နောက်မှာ လူတွေ သတိထားမိလာခဲ့ပါတယ်။ ကင်မ်က Jollibee မှာ အစားအစာဝယ်ရင်း အာဂျေနဲ့ ဆုံမိခဲ့ပြီး စကားပြောကြည့်တော့မှ အာဂျေက ကိုရီးယား-ဖိလစ်ပိုင်ကပြားဆိုတာ သိခဲ့ရပါတယ်။

ကင်မ်က အာဂျေနဲ့တွေ့ဆုံခဲ့တဲ့ ဗီဒီယိုကို YouTube မှာ တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို လူစိတ်ဝင်စားမှုများခဲ့ပြီး ကြည့်ရှုသူ ၉ သိန်းရှိခဲ့တဲ့အပြင် ကိုရီးယားလူမှုကွန်ယက်အသုံးပြုသူတွေကလည်း လှူဒါန်းမှုတွေလုပ်ခဲ့ကြပါတယ်။ “ကိုရီးယားလူမျိုးနဲ့အရမ်းတူတဲ့ ကိုရီးယား-ဖိလစ်ပိုင်ကပြားကို မြင်ဖူးတာ ပထမဆုံးပါပဲ”၊ “သူ့ရဲ့အိပ်မက်ကို မဆုံးရှုံးဘဲ အာဂျေ ပညာဆက်လက်သင်ယူနိုင်ဖို့ မျှော်လင့်ပါတယ်”၊ “အာဂျေအတွက် အရသာရှိတဲ့ အရာတစ်ခုခု ဝယ်​ပေး​ပါ”၊ “သူ ကိုရီးယားမှာနေခဲ့ရင် ချစ်ခြင်းမေတ္တာတွေ အများကြီးရရှိလိမ့်မယ်” လို့လည်း YouTube အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ကင်မ်က အာဂျေနဲ့ ဆက်ပြီး တွေ့ဆုံသွားဦးမှာပါ။ ကင်မ်က အာဂျေနဲ့ သူ့အမေတို့ကို ဝက်ခေါက်ကင်တွေကျွေးနေတဲ့၊ နေ့စဉ်သုံးပစ္စည်းတွေ၊ ကျောင်းသုံးပစ္စည်းတွေ ဝယ်ပေးနေတဲ့ ဗီဒီယိုတွေလည်း Youtube မှာ ရှိပါတယ်။ အာဂျေရဲ့ကြိုက်နှစ်သက်ဆုံးအစားအစာက ကင်မ်ချီဖြစ်ပြီး မနီလာမြို့က ကိုရီးယားကျောင်းတစ်ကျောင်းကို သွားတဲ့အချိန်မှာ အဲဒါကို စားခဲ့ဖူးပါတယ်။

သူ့အဖေအပေါ် ဘယ်လိုသဘောထားလဲလို့ အာဂျေကို မေးတော့ “ကျွန်တော် အ​ဖေ့ကိုမုန်းတယ်”တဲ့။ အာဂျေက သူ့အဖေကို မုန်းပေမဲ့လည်း ကိုရီးယားစာကိုတော့ သင်ဖို့ ရည်ရွယ်ထားပါတယ်။ကင်မ်ကတော့ အာဂျေရဲ့ဗီဒီယိုတွေကို YouTube မှာ ဆက်ပြီးတင်ပေးသွားမယ့်အပြင် အာဂျေအရွယ်ရောက်တဲ့အထိ ကူညီထောက်ပံ့ပေးနိုင်မယ့် သူတစ်ယောက်ယောက်ကိုလည်း ရှာပေးနေပါတယ်။

Ref: Allkpop “A Kopino boy garners attention on YouTube as he sells peanuts to support his sick mother”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top