မြောက်ကိုရီးယားအေးဂျင့်ထံ စစ်ရေးလျှို့ဝှက်ချက်တွေ သတင်းပေးတယ်လို့ သံသယရှိသူ ၂ ဦးကို တောင်ကိုရီးယား ဖမ်းဆီး

29-4-2022-yyl-01.jpg

မြောက်ကိုရီးယားအေးဂျင့်လို့ ယူဆရသူထံ စစ်ရေးလျှို့ဝှက်ချက်တွေ ပေးခဲ့တယ်လို့ သံသယရှိသူ ၂ ယောက်ကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီဂျစ်တယ်ငွေကြေး လဲလှယ်ရေးလုပ်ငန်းရဲ့ အမှုဆောင်ချုပ်တစ်ဦးနဲ့ စစ်တပ်အရာရှိတစ်ဦးဟာ တောင်ကိုရီးယားစစ်တပ် ပူးတွဲကွပ်ကဲရေးစခန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ပေးအပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ဟာ အဲဒီအချက်အလက်တွေကို ငွေအများအပြားနဲ့ ရောင်းစားခဲ့တာလို့ စွပ်စွဲခံထားရပါတယ်။

မြောက်ကိုရီးယားအေးဂျင့်က ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဒီဂျစ်တယ်ငွေကြေး လဲလှယ်ရေးလုပ်ငန်း အမှုဆောင်ချုပ် လီထံ ချဉ်းကပ်ခဲ့ပြီး စစ်ရေးလျှို့ဝှက်ချက်တွေ စုံစမ်းပေးမယ့် စစ်တပ်အရာရှိ ဗိုလ်မှူးဘီကို စည်းရုံးခိုင်းခဲ့တာလို့ တောင်ကိုရီးယားအာဏာပိုင်တွေက ဆိုပါတယ်။

နောက်တစ်လအကြာမှာတော့ လီက ဗိုလ်မှူးဘီထံ ချဉ်းကပ်ခဲ့ပြီး စစ်ရေးလျှို့ဝှက်ချက်တွေပေးရင် Bitcoin နဲ့ ငွေပေးမယ်လို့ ဖျားယောင်းခဲ့တာပါ။ ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ ဗိုလ်မှူးဘီက သဘောတူခဲ့ပြီး သတင်းအချက်အလက်တွေ ပေးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လီက လျှို့ဝှက်ကင်မရာ တပ်ထားတဲ့ နာရီတစ်လုံး ဝယ်ယူပြီး လူကြုံကနေတစ်ဆင့် ဗိုလ်မှူးဘီထံ ပေးခဲ့တာပါ။ ဗိုလ်မှူးဘီက အဲဒီကင်မရာကို သူ့ရဲ့အခြေစိုက်စခန်းထံ ယူဆောင်သွားခဲ့တာပါ။

အဲဒီနောက်မှာ လီက အဆိပ်ဘုံပိုင်ခေါင်းလို့ လူသိများတဲ့ USB အမျိုးအစား ကိရိယာအစိတ်အပိုင်းတွေကို ဝယ်ယူခဲ့ပါတယ်။ အဲဒီကိရိယာကြောင့် သူ့လက်ပ်တော့ထဲက အချက်အလက်တွေကို မြောက်ကိုရီးယားအေးဂျင့်က အဝေးကနေ ဝင်ရောက်ရယူနိုင်ခဲ့တာပါ။ အဲဒီအချက်အလက်တွေထဲမှာ တောင်ကိုရီးယားစစ်တပ် ပူးတွဲကွပ်ကဲရေးဌာနနဲ့ ထိန်းချုပ်ရေးစနစ်ထံ ဝင်ရောက်ခွင့် အချက်အလက်တွေလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ နောက်ထပ် တခြား ဘယ်အချက်အလက်တွေ ပေါက်ကြားခဲ့လဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

အဲဒီစစ်ဆင်ရေးမှာ ပါဝင်ပေးခဲ့လို့ ဗိုလ်မှူးဘီကို ကိုရီးယားဝမ်ငွေ ၄၈ သန်း ( အမေရိကန်ဒေါ်လာ ၃၇၉၃၈)နဲ့ ညီမျှတဲ့ bitcoin ပေးခဲ့ပြီး လီကိုလည်း ဝမ်ငွေ သန်း ၇၀၀ နဲ့ ညီမျှတဲ့ ဒီဂျစ်တယ်ငွေကြေးပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အဲဒီစစ်ဆင်ရေးအကြောင်း သတင်းရခဲ့ပြီး ဧပြီလ ၂ ရက်မှာ လီ၊ ဧပြီလ ၁၅ ရက်မှာ ဗိုလ်မှူးဘီကို ဖမ်းဆီးခဲ့တာပါ။

လီက တခြားစစ်တပ်အရာရှိတစ်ယောက်ထံ ထပ်မံချဉ်းကပ်ခဲ့ပေမဲ့ အဲဒီအရာရှိက လီရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လီနဲ့ ဗိုလ်မှူးဘီကြားမှာ ကြားခံလူတစ်ယောက်ရှိသေးတယ်ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါ။ ” မြောက်ကိုရီးယားအေးဂျင့်တစ်ယောက်ရဲ့ ခိုင်းစေမှုအရ တာဝန်ထမ်းဆောင်နေဆဲ အရာရှိတစ်ဦးနဲ့ အရပ်သားတစ်ယောက်က စစ်ရေးလျှို့ဝှက်ချက်တွေ စုံစမ်းထောက်လှမ်းပေးနေတာကို ဖော်ထုတ်နိုင်ခဲ့တဲ့ ပထမဆုံးအမှုပါပဲ” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့နှစ်ယောက်ကို အခုလအစောပိုင်းကတည်းက ဖမ်းမိခဲ့ပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့ကမှ ကြေညာခဲ့တာပါ။ သူတို့နှစ်ယောက်လုံးကို တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးအက်ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ထားပါတယ်။ မြောက်ကိုရီးယားအေးဂျင့်က ဘယ်သူလဲ၊ အခုလက်ရှိ ဘယ်ရောက်နေလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်ကြား ကိုရီးယားကျွန်းဆွယ်စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။

Ref: BBC “South Korea arrests two for passing military secrets to North”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top