သူလျှိုလုပ်တယ်ဆိုပြီး ဖမ်းထားတဲ့ သူ့ခိုကို ပြန်လွှတ်ပေးဖို့ အိန္ဒိယဝန်ကြီးချုပ်ကို ပါကစ္စတန်ရွာသား တောင်းဆို

29-5-2020-yyl-020.jpg

သူလျှိုလုပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ သူ့ရဲ့ခိုတစ်ကောင်ကို ပြန်လွှတ်ပေးဖို့ ပါကစ္စတန်ရွာသားတစ်ယောက်က အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီရွာသားဟာ နှစ်နိုင်ငံ နယ်စပ်ကနေ ၂ မိုင်ခွဲအကွာမှာ နေထိုင်သူဖြစ်ပြီး အိဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သူ့ရဲ့ခိုတွေကို လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ခိုတစ်ကောင်ရဲ့ ခြေထောက်တစ်ဖက်မှာ ကုဒ်နံပါတ်ရေးထားတဲ့ ကွင်းတစ်ကွင်းပါပြီး ဝှက်စာဖော်ဖို့ ကြိုးစားနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ အဲဒီကုဒ်နံပါတ်က သူ့ဖုန်းနံပါတ်ဖြစ်တယ်လို့ ပါကစ္စတန်ရွာသားက ဆိုပါတယ်။ ပါကစ္စတန်အခြေစိုက် Dawn သတင်းစာရဲ့ ဖော်ပြချက်အရ အဲဒီရွာသားဟာ ဟာဘီဘူလာလို့ အမည်ရပြီး ခိုအကောင်ရေ ဒါဇင်ချီ ပိုင်တယ်လို့ သိရပါတယ်။

သူ့ရဲ့ခိုက ငြိမ်းချမ်းရေးသင်္ကေတဖြစ်လို့ အိန္ဒိယနိုင်ငံအနေနဲ့ အပြစ်မရှိတဲ့ ငှက်ကလေးတွေကို ရမယ်မရှာဖို့ ဟာဘီဘူလာက ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အိန္ဒိယနိုင်ငံ စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသရဲ့ နိုင်ငံတကာနယ်စပ်မှာ ရွာသွားတွေက ခိုကို ဖမ်းမိပြီး ရဲလက်အပ်ခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံလုံး သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသဟာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာလည်း ပါကစ္စတန်နိုင်ငံကနေ ပျံသန်းလာတဲ့ ခိုတွေ အိန္ဒိယနိုင်ငံထဲ ရောက်လာလို့ ပြဿနာတွေ ဖြစ်ခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top