သစ်တောထဲမှာ ၁၉ ရက်ကြာ ပျောက်ဆုံးခဲ့တဲ့ လမ်းလျှောက်သူနှစ်‌ယောက်ကို ကယ်တင်နိုင်ခဲ့

29-5-2020-yyl-021.jpg

၁၉ ရက်ကြာ ပျောက်ဆုံးခဲ့တဲ့ လမ်းလျှောက်သူနှစ်ယောက်ကို နယူးဇီလန်နိုင်ငံ သစ်တောထဲမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။ ကယက်လှေ လမ်းပြဖြစ်တဲ့ အိုကွန်နာနဲ့ စားဖိုမှူး ရေးနိုးတို့ဟာ မေလ ၉ ရက်က ကာဟူရန်ဂျီအမျိုးသားဥယျာဉ်ထဲမှာ လမ်းလျှောက်ခရီး စတင်ခဲ့ကြပြီး ၆ ရက်၊ ၇ ရက်လောက်နေရင် ပြန်ရောက်ကြလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့ မြူခိုးတွေကြောင့် လမ်းပျောက်ပြီး ချော်လဲခဲ့လို့ နှစ်ယောက်လုံး ဒဏ်ရာရခဲ့ကြပါတယ်။ တောင်ကျွန်းရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကာဟူရန်ဂျီအမျိုးသားဥယျာဉ်ဟာ နယူးဇီလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ပတ်စာလုံလောက်တဲ့ စားစရာတွေ ယူသွားပေမဲ့ ရက်တော်တော်ကြာအောင် အစာငတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က ရေရှိတဲ့နေရာမှာ စခန်းချ၊ မီးဖိုပြီး ရှာဖွေရေးအဖွဲ့ တွေ့မယ့်အချိန်ကို စောင့်ဆိုင်းခဲ့ပါတယ်။

မေလ ၁၈ ရက်ကျမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး တစ်ပတ်ကြာတဲ့အထိ သူတို့ရဲ့အရိပ်အယောင်ကို မတွေ့ရလို့ မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်မှာ ရှာဖွေရေးရဟတ်ယာဉ်တစ်စင်းက မီးခိုးတွေကို သတိထားမိခဲ့လို့ သူတို့နှစ်ယောက်ကို ကယ်တင်နိုင်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ အပူချိန်ကျဆင်းမှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဆေးရုံတက် ကုသမှုခံယူခဲ့ရပေမဲ့ အခုချိန်မှာတော့ ဆေးရုံမှပြန်ဆင်းနိုင်ခဲ့ပါပြီ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top