တရုတ်အစိုးရကို ဝေဖန်ခဲ့ပြီးနောက် လူမြင်ကွင်းကနေ ပျောက်နေတဲ့ ဂျက်မားကို ပြန်တွေ့ရတဲ့ ဗီဒီယိုထွက်ပေါ်လာ

20-1-2021-yyl-31.jpg

Alibaba ( အလီဘာဘာ ) ကုမ္ပဏီပိုင်ရှင် ဂျက်မား (Jack Ma)ကို လူမြင်ကွင်းမှာ ပြန်တွေ့ရတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ Jack Ma ဟာ တရုတ်အစိုးရကို လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။

ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက ကျီကျန်း (Zhejiang) ပြည်နယ်အစိုးရ တရားဝင်သတင်းစာရဲ့ လက်အောက်ခံသတင်းဌာန Tianmu News ဟာ Jack Ma မိန့်ခွန်းပြောနေတဲ့ ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ် တင်ခဲ့တာပါ။ ကျီကျန်း ပြည်နယ်ဟာ Alibaba ကုမ္မဏီ အခြေစိုက်ရာ ဟန်ကျိုးမြို့ (Hangzhou) တည်ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။

Tianmu News က တင်ထားခဲ့တဲ့ ဗီဒီယိုဖိုင်မှာ Jack Ma က အွန်လိုင်းကနေပြုလုပ်တဲ့ တရုတ်ကျေးလက်ဒေသရဲ့ ကျောင်းဆရာတွေကို ဆုပေးပွဲအခမ်းအနားမှာ မိန့်ခွန်းပြောနေတာပါ။ အင်္ဂလိပ်စာဆရာတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ Jack Ma ဟာ အလီဘာဘာကုမ္ပဏီကနေ အငြိမ်းစားယူပြီးကတည်းက သူ့ရဲ့ဖောင်ဒေးရှင်းကတစ်ဆင့် ပညာရေးဆိုင်ရာ ပရိဟတလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေခဲ့တာပါ။

အဲ့ဒီဗီဒီယိုဖိုင်မှာ Jack Ma က “ ဒီ ကူးစက်ရောဂါကြီး ကင်းစင်သွားတဲ့ တစ်နေ့ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြမှာပါ “ လို့ ပြောကြားခဲ့ပါတယ်။ ပုံမှန်ဆိုရင် အဲဒီဆုပေးပွဲကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် အွန်လိုင်းပေါ်ကနေသာ ကျင်းပပြုလုပ်ခဲ့တာပါ။

အခုလအစောပိုင်းက ဟန်ကျိုးမြို့ မူလတန်းကျောင်းတစ်ကျောင်းကို Jack Ma သွားရောက်ခဲ့ပုံတွေကိုလည်း ဗီဒီယိုဖိုင်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ ဟောင်ကောင်စတော့ရှယ်ယာဈေးကွက်မှာ အလီဘာဘာကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက ၉ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top