ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်တဲ့ အရည် (၃) မျိုး

20-1-2021-yyl-26.jpg

ဝမ်းချုပ်နေပြီလား။ ဝမ်းချုပ်တာက တစ်နေ့တာ နေထိုင်စားသောက်မှုအလေ့အထအားနည်းခြင်းရဲ့ရလဒ်ကြောင့်ဖြစ်လာရတာပါ။ အစားအစာတစ်မျိုးတည်းကို ခဏခဏစားသုံးတဲ့အခါမျိုးမှာလည်း ဝမ်းချုပ်တာကို ကြုံတွေ့ရနိုင်ပါတယ်။ တချို့လူတွေအတွက်ကတော့ ဝမ်းချုပ်တာက နာတာရှည်ရောဂါလိုဖြစ်နေတာလည်းရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အလေးသွားတဲ့အလေ့အထက ကွာခြားပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်တာကို နာတာရှည်ရောဂါလို ခံစားနေရတဲ့လူတွေကတော့ တစ်ပတ်ကို အလေးသွားတာက (၃) ကြိမ်ထက်ပိုနည်းတတ်ပါတယ်။

ဝမ်းသွားရတာ အခက်အခဲရှိတာက လူကို စိတ်မသက်မသာဖြစ်စေတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလေးစွန့်ရတာ နှေးကွေးသွားစေနိုင်တဲ့ စားစရာသောက်စရာတွေကို စားသုံးမယ်ဆိုရင် ဝမ်းသွားရတဲ့ခက်ခဲတဲ့အခြေအနေကို ပိုဆိုးရွားသွားစေနိုင်ပါတယ်။ ဝမ်းချုပ်တာကို ပိုဆိုးရွားစေနိုင်တဲ့ သောက်စရာ ဖျော်ရည်ယမကာ (၃) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

အရက်ဘီယာ

အရက်အလွန်အကျွံသောက်သုံးတာက များစွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအထဲမှာ ဝမ်းချုပ်တာလည်း ပါဝင်ပါတယ်။ အရက်ဘီယာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ အရင်ဆုံး ရေဓာတ်ကုန်ခန်းပြီး ကျွန်တော်တို့ခန္ဓာကိုယ်က ဝမ်းသွားဖို့အတွက် ရေလိုအပ်လာမှာဖြစ်ပါတယ်။ အရက်ပါဝင်တဲ့သောက်စရာတွေက ခန္ဓာကိုယ်ရဲ့အတွင်းလုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အလေးစွန့်ရတာမှာ အခက်အခဲဖြစ်လာစေနိုင်ပါတယ်။

နောက်ဆုံးမှာတော့ လေအောင့်ခြင်းနဲ့ဝမ်းချုပ်ခြင်းလက္ခဏာရပ်တွေဖြစ်လာစေနိုင်တဲ့ မကောင်းတဲ့ဘတ်တီးရီးယားတွေကို ကြီးထွားလာစေနိုင်ပါတယ်။ အခြားအစာအိမ်ပြဿနာတွေအတွက် အကြောင်းအရင်းဖြစ်နိုင်တဲ့ အူနံရံရောင်ရမ်းတာတွေလည်းဖြစ်လာနိုင်ပါတယ်။ တချို့လူတွေအတွက် ကျန်းမာရေးတင်မကဘဲ အလုပ်ရော ထိခိုက်စေနိုင်ပါတယ်။ အရက်က ဝမ်းချုပ်တာဖြစ်စေနိုင်လား၊ မဖြစ်စေနိုင်လားဆိုတာကတော့ သင် သောက်သုံးတဲ့ အရက်ပမာဏနဲ့ အရက်အမျိုးအစားပေါ်မူတည်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အရက်ဘီယာသောက်ပြီးရင် ရေများများသောက်ပေးဖို့တော့ မမေ့ပါနဲ့နော်။

နွားနို့

နွားနို့ကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အရည်အဖြစ် သိထားကြတာပါ။ ကယ်စီယမ်၊ ဗီတာမင် B12၊ ပရိုတင်းဓာတ်လို အာဟာရဓာတ်တွေ ပြည့်ဝပါတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ အစာခြေပြဿနာတွေအတွက် အကြောင်းအရင်းလည်းဖြစ်လာနိုင်ပါတယ်။ သင်က အစာခြေပြဿနာတွေကို ခံစားနေရတဲ့သူဆိုရင် နွားနို့က အဲဒီအခြေအနေကို ပိုဆိုးရွားသွားစေနိုင်ပါတယ်။

မွေးကင်းစကလေး၊ လမ်းလျှောက်တတ်စကလေးတွေက ပရိုတင်းဓာတ်ကို မခံနိုင်တဲ့အတွက် ဖြစ်နိုင်ချေများပါတယ်။ တချို့နွားနို့နဲ့ မတည့်တဲ့ လူတွေက နွားနို့ကြောင့် ဝမ်းချုပ်တာဖြစ်စေနိင်ပါတယ်။ နွားနို့မှာတွေ့ရတဲ့ lactose သကြားကို မခံနိုင်တဲ့သူတွေကလည်း နွားနို့ကို သောက်သုံးပြီးရင် အော့အန်တာ၊ ဝမ်းလျှောတာတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာရပ်တွေကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်တဲ့ ရေဓာတ်ကုန်ခန်းတာကိုဖြစ်စေနိုင်ပါတယ်။

ကော်ဖီ

တချို့လူတွေအတွက်တော့ ကော်ဖီက ဝမ်းသွားရလွယ်ကူအောင် ကူညီပေးပါတယ်။ အခြားသူတွေအတွက်ကတော့ လေအောင့်တာ၊ ဝမ်းချုပ်တာတွေအတွက် အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က အစာခြေစနစ်ရဲ့ကြွက်သားတွေကို ဝမ်းသွားရလွယ်အောင် လှုပ်ဆော်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီက ဆီးရွှင်စေနိုင်တဲ့အတွက် ရေဓာတ်ကုန်ခန်းကာ ဝမ်းချုပ်နိုင်ချေများလာပါတယ်။ နာတာရှည်အူလမ်းကြောင်းရောဂါကို ခံစားနေရတဲ့ သူဆိုရင် ကော်ဖီက ရောဂါအခြေအနေကို ပိုဆိုးရွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ရှောင်ရှားဖို့အတွက် ကဖင်းဓာတ်နည်းတာကို ရွေးချယ်သောက်သုံးပေးသင့်ပါတယ်။

Ref: These 3 drinks can lead to constipation
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top