ငယ်ဘဝအိပ်မက်တစ်ခု (သို့မဟုတ်) ဟော့ဝဂ်ရဲတိုက်ဆီ သွားကြမယ်

64621329_787769694950647_5026051771517108224_n.jpg

ဟယ်ရီပေါ်တာဇာတ်ကားတွေထဲက ဟော့ဝဂ်ကျောင်းကြီးဟာ စာရေးသူတို့လို potterhead တွေအဖို့ အရမ်းရောက်ချင်ခဲ့တဲ့ကျောင်းကြီးဖြစ်ပါတယ်။ မှော်နှင်တံ (wand ) တွေရမ်းပြီး ဂါထာတွေရွတ်မယ်၊ တံမြက်စည်းပျံတွေ စီးမယ်၊ မှော်ဆေးရည်တွေစပ်မယ်၊ ပြောင်းလဲနေတဲ့လှေကားအရှင်တွေ သက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီကားတွေ၊ လျှို့ဝှက်လမ်းတွေနဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ Great Hall ကြီး။ ဒါတွေအားလုံးဟာ သိပ်ကိုတောင်းတမိတဲ့ အိပ်မက်တွေပဲမဟုတ်ပါလား။ ဟော့ဝဂ်အစစ်တော့မဟုတ်ပေမယ့် စာရေးသူတို့တွေ သွားရောက်အလွမ်းဖြေနိုင်တဲ့နေရာရှိပါတယ်။ အဲ့တာကတော့ Universal Studios Japan(USJ) မှာရှိတဲ့ Wizarding World of Harry Potter ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာရှိတဲ့ Universal Studios မှာ ကံကောင်းစွာပဲ ဟော့ဝဂ်ရဲတိုက်က တည်ရှိနေပါတယ်။ ဒါတင်မက အနက်ရောင်ရေကန် (Black Lake)၊ ဒိုင်ယာဂွန်အယ်လေမှော်ဈေး (Diagon Alley)၊ ဟော့မိတ်ရွာ (Hogsmeade) တို့ပါတည်ရှိနေတာကြောင့် လုံးဝကို လက်လွတ်မခံပဲသွားရောက်သင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ တိုကျိုကနေ အိုဆာကာကို သွားမယ်ဆိုရင် လေယာဉ်၊ ကား၊ ကျည်ဆန်ရထားစသဖြင့် အမျိုးမျိုးရှိပါတယ်။ စာရေးသူကတော့ ကျည်ဆန်ရထား သို့မဟုတ် ကားကိုထောက်ခံချင်ပါတယ်။ လေယာဉ်နဲ့သွားမယ်ဆိုရင် လေဆိပ်ကနေ အိုဆာကာမြို့ထဲအတော်ဝေးသေးတာကြောင့် ရထားတစ်ဆင့်ပြန်စီးရမှာမို့ပါ။ လေယာဉ် သို့မဟုတ် ကျည်ဆန်ရထားနဲ့ဆိုရင် ယန်း (၁၂၀၀၀) ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ကားနဲ့ဆိုရင်တော့ ယန်း (၈၀၀၀) ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Universal Studios ကိုဝင်ကြေးအနေနဲ့ ယန်း (၇၄၀၀) ကျသင့်ပေမယ့် ပိတ်ရက်ရှည်တွေဆိုရင်တော့ ယန်း (၈၀၀၀) ကျော်လောက် ကုန်ကျမှာဖြစ်ပါတယ်။ လက်မှတ်ကို online မှာကြိုတင်ဝယ်ယူနိုင်ပြီး တစ်နေကုန်အကျုံးဝင်ပါတယ်။ လက်မှတ်ဝယ်ထားတဲ့ကုဒ်လေးကို အဝင်ဝမှာပြပြီးဝင်ရုံပါပဲ။ အထဲက စီးလို့ရတာတွေ အကုန်စီးခွင့်ရှိပါတယ်။ free ပါ။ စိတ်ရှည်သည်းခံပြီးတော့ တန်းစီရပါမယ်။ မုန့်လေးတွေ ကြိုဆောင်ထားကြဖို့တော့ သတိပေးပါရစေ။ အနည်းဆုံးတော့ နာရီဝက်တစ်နာရီလောက်တန်းစီရမှာမို့ပါနော်။ Wiazarding World of Harry Potter ကိုပဲ အဓိကထားပြောပြမှာဆိုတော့ USJ ထဲက တစ်ခြားနေရာတွေကို ကျော်ခဲ့မယ်နော်။

ကဲ အခုဆိုရင် ဟော့ဝဂ်ရဲတိုက်ကြီးကို သွားမယ့်လမ်းပေါ်ရောက်ပါပြီ။ အရင်ဆုံးတားမြစ်တောအုပ် (Forbidden Forest) ကို ဖြတ်ပြီးသွားရမှာပါ။ လမ်းတစ်လျှောက်မှာ ဟစ်ပိုဂရပ်တွေရဲ့အသံတွေကို ကြားရမှာပါ။ လမ်းထောင့်ချိုးတစ်နေရာမှာတော့ ရွန်ရဲ့ မီးလင်းလိုက်မှိန်လိုက်ဖြစ်နေတဲ့ ကားပျံကြီးကိုရပ်ထားတာတွေ့ရမှာဖြစ်ပါတယ်။ တားမြစ်တောအုပ်ကို ကျော်လာရင်တော့ Platform 9 ¾ရှေ့က ဟော့ဝဂ်ကိုသွားတဲ့ရထားကြီးကို ပြသထားတာတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီကစပြီး ရဲတိုက်ဝန်းကျင်တစ်ခုလုံးကို ရင်းနှီးကျွမ်းဝင်ပြီးသား ဟယ်ရီပေါ်တာဇတ်ဝင်တီးလုံးလေးက လွမ်းခြုံထားပါပြီ။ စာရေးသူဆိုရင် မျက်ရည်ကို ဝဲတက်လာတာ။ ဆက်သွားရင် ဒိုင်ယာဂွန်အယ်လေနဲ့ ဟော့မိတ်ရွာကို ရောက်ပါပြီ။

ဒိုင်ယာဂွန်အယ်လေမှာ potterhead တွေရဲ့အချစ်တော်ကြီး အိုလီဗန်ဒါ (Ollivanders) ရဲ့ မှော်နှင်တံအရောင်းဆိုင်ကြီးအပါအဝင် ကျောင်းဝတ်စုံတွေ တံမြက်စည်းပျံတွေ အိမ်မွေးတိရိစ္ဆာန်တွေ ဆေးပင်ဆေးမြစ်တွေဝယ်နိုင်ဖို့ ဆိုင်တွေအစုံရှိပါတယ်။ လုံးဝကို ဇတ်ကားထဲကဆိုင်တွေအတိုင်းပါပဲ။ ဆိုင်တွေရဲ့အသွင်အပြင်တွေ ဖွဲ့စည်းမှုတွေက လုံးဝကိုမှော်ဆန်ဆန်ခမ်းနားပါတယ်။ အထူးသဖြင့် အိုလီဗန်ဒါရဲ့ဆိုင်မှာ မှော်နှင်တံရွေးချယ်ဝယ်ယူရင်း ကြက်သီးထမတတ်ခံစားမှုကို ခံစားကြည့်ပါ။ တံမြက်စည်းပျံအရောင်းဆိုင်ဆိုရင်လည်း ဆိုင်မျက်နှာကျက်မှာ ပျံသန်းနေတဲ့ တံမြက်စည်းပျံတွေကို ပြသထားပါတယ်။ ဒါ့အပြင် ကိုက်တတ်တဲ့စာအုပ်၊ ဘာတီဘော့ရဲ့ပဲမျိုးစုံအရသာ၊ ချောကလက်ဖားစသဖြင့် မှော်လောကထဲက ပစ္စည်းအားလုံးကို ဝယ်လို့ရပါတယ်။ ပြီးတော့ ပရိတ်သတ်အချစ်တော် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဖရက်နဲ့ဂျော့တို့ရဲ့ Zonko’s Joke Shop လေးလည်း ရှိပါသေးတယ်။

ဆက်သွားရင်တော့ နာမည်ကျော်ဟော့မိတ်ရွာပါပဲ။ ဟော့မိတ်လို့ပြောလိုက်တာနဲ့ potterhead တွေပြေးမြင်မိမှာတော့ ထောပတ်ဘီယာ (Butter Beer) ပါပဲ။ တံမြက်စည်းသုံးချောင်းဆိုင် (Three Broomsticks) မှာ နေ့လည်စာစားခဲ့ဖို့တော့ အကြံပေးပါရစေ။ ဆိုင်အပြင်အဆင်တစ်ခုလုံးဟာ ဇာတ်ကားထဲကအတိုင်း တစ်သွေမတိမ်းပါ။ Deadly Hollowသင်္ကေတတွေတောင် တွေ့ရမှာပါ။ ထောပတ်ဘီယာလေးသောက်ရင်း ကျောင်းတော်ကြီးကို အောက်မေ့ရင်း ဆိုင်ရဲ့တစ်ဝက်လောက်က ကျောင်းဝတ်စုံနဲ့ကျောင်းသားတွေကိုငေးရင်း ကိုယ့်ကိုယ်ကို အတန်းလစ်ရင်း ဟော့မိတ်ရောက်နေသလို ခံစားချက်လေးရနေစေမှာ အသေအချာပါ။ ပြီးတော့ ဟော့မိတ်ရွာတစ်ဝိုက်မှာ စီးရီးယက်ဘလက်ကို ဆုငွေထုတ်ထားတဲ့ဆိုင်းဘုတ်လေးတွေ နေရာအနှံ့တွေ့နိုင်ပါတယ်။ စိတ်လှုပ်ရှားစရာမကောင်းဘူးလား။

ဟော့မိတ်ကနေ ထွက်လာရင် potterhead တွေရဲ့အသည်းတုံးကြီး တောလိုက်ကြီးဟက်ဂရစ်ရဲ့ အိမ်ပုလေးဆီသွားသင့်ပါတယ်။ ဟက်ဂရစ်အိမ်နားမှာတော့ ဟစ်ပိုဂရပ်တွေရဲ့အော်သံတွေအပြင် သမန်းဝံပုလွေတွေရဲ့အူသံတွေပါကြားရမှာဖြစ်ပါတယ်။ ဖရုံသီးအကြီးကြီးတွေအပြင် ဟက်ဂရစ်ရဲ့ဆိုင်ကယ်ကြီးကိုပါတွေ့ရမှာပါ။ အိမ်ပုလေးထဲမှာ အချစ်တော်ခွေးကြီး ဖန် (Fang) ကလည်း အသံပေးရင်းစောင့်နေမှာဖြစ်ပါတယ်။ ဟက်ဂရစ်အိမ်ကလေးကနေ ပြန်ထွက်လာရင် အနက်ရောင်ရေကန်ဆီသာသွားပါ။ အနက်ရောင်ရေကန်ကနေ လှမ်းမြင်နေရတဲ့ ဟော့ဝဂ်ရဲတိုက်ကြီးရဲ့မြင်ကွင်းကို တဝကြီးခံစားပစ်လိုက်ပါ။ နောက်ဆုံးတော့ရောက်ခဲ့ပြီဆိုပြီး ရင်တွေတလှပ်လှပ်ခုန်လာရင်း ပျော်ရွှင်ခဲ့ရတဲ့ခံစားချက်ဟာ တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး။ အနက်ရောင်ရေကန်ဆီကဖြတ်တိုက်လာတဲ့ လေပြည်ညင်းတွေခံစားရင်း ကွစ်ဒစ်ကစားကွင်းကိုလည်း လှမ်းမြင်နိုင်ပါသေးတယ်။

အနက်ရောင်ရေကန်ကနေ ဆက်လျှောက်သွားရင် ဟော့ဝဂ်ရဲတိုက်ဝင်ပေါက်ကိုရောက်ပါပြီ။ စာသင်ခန်းတွေ၊ ခန်းမတွေ၊ ရွေ့လျားလှေကားတွေ၊ သက်ဝင်နေတဲ့ပန်းချီတွေ၊ အဆောင်ခွဲဦးထုပ်တွေ၊ လျှို့ဝှက်ခန်းတွေနဲ့ ဟော့ဝဂ်ကျောင်းတော်ကြီးကို တစ်ဝကြီးခံစားလိုက်ပါ။ နောက်ခံတီးလုံးလေးတွေနဲ့ မှော်လောကကြီးထဲရောက်သွားသလို ငယ်ဘဝအိမ်မက်ကြီးတစ်ခုဟာ လုံးဝပြည့်စုံသွားသလို ခံစားရစေမှာ အသေအချာပါ။ လုံးဝကို အိမ်ပြန်ချင်မှာမဟုတ်ပါဘူး။ ညဘက်အထိနေဖို့လည်း အကြံပေးချင်ပါတယ်။ ညဘက်မှာ Street Show ရှိပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ချပြီး ဆလိုက်မီးတွေနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံး dementor တွေဖုံးလွှမ်းနေတဲ့အချိန်ကာလတွေနဲ့အတူ ကျောင်းသားတွေရဲ့တိုက်ခိုက်မှုသရုပ်ပြမှုတွေက Battle of Hogwarts ကို မြင်ယောင်နေစေမှာပါ။ ပေးရတာနဲ့တန်အောင်ကို ပြန်ရတာတွေက အများကြီးမို့ တစ်ခေါက်တော့ သွားကြည့်လိုက်ပါလို့ အကြံပေးပါရစေ။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top