ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ

4-5-2020-yyl-024.jpg

ကလေးတွေအတွက် သကြားလုံးဆိုတာ ဆုလာဘ်ပါပဲ။ ငယ်ငယ်တည်းက ကလေး ကောင်းတာတစ်ခုခုလုပ်တိုင်း တော်လိုက်တာဆိုပြီး ချီးကျူးပြီး သကြားလုံးတွေ ဆုချတတ်ကြပါတယ်။ ဒါတွေက နောက်ပိုင်းမှာ အကျင့်ဖြစ်လာပြီး ကလေးက သကြားလုံးကို စွဲလမ်းလာပါတယ်။ ဒါတင်မကသေးပါဘူး။ သကြားလုံးကနေတဆင့် အချိုပါတဲ့ အစားအစာတွေကို ခုံမင်လာပါတယ်။ တစ်နည်းအားဖြင့် သကြားဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားလာပါတယ်။ အဲ့ဒီတော့မှ မိဘတွေအနေနဲ့ ကလေးကို ဒီအတိုင်းဆက်ကျွေးရင် ဘာဖြစ်လာမှာလဲဆိုပြီး စိုးရိမ်လာပါတယ်။ ဒါဆိုရင် ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ က ဘာလဲ။ ကလေးတွေ အတွက် သကြားဓာတ်များတဲ့ အစားအစာတွေကဘာလဲ။ သကြားအစားထိုး ဘာကျွေးကြမလဲဆိုတာကို ဆက်ကြည့်ရအောင်။

ကလေးများအတွက် သကြား၏ဆိုးကျိုးများ

သကြားစွဲလမ်းမှု

အချိုတွေအစားများရာကနေ ‘သကြားစွဲလမ်းမှု’ဆိုတဲ့ ‌ရောဂါဖြစ်လာပါတယ်။ ဒီရောဂါက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ စွဲလမ်းမှုဖြစ်တဲ့အတွက် ရုတ်တရက်သကြားကို ဖြတ်လိုက်ရင် စိတ်တိုစိတ်ဆတ်တာ၊ ကတုန်ကရင်ဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ နုံးတာ စတာတွေဖြစ်လာပါတယ်။

(၁) စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

မှတ်ဉာဏ် -သကြားဓာတ်လွန်ကဲတာက ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးတတ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်တက်လာရင် ဦးနှောက်ထိခိုက်ပြီး မှတ်ဉာဏ်ထိခိုက်နိုင်ပါတယ်။ မှတ်ဉာဏ်အားနည်းတာ၊ အာရုံစူးစိုက်မှုမကောင်းတာ ဖြစ်တတ်ပါတယ်။

စိတ်ခံစားမှု -သွေးထဲမှာ သကြားဓာတ်များရင် စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်း နည်းသွားပါတယ်။ စိတ်ကျတာ၊ ဝမ်းနည်းတတ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ကလန်ကဆန်လုပ်တာ စတာတွေဖြစ်တတ်ပါတယ်။

ဂနာမငြိမ်ဖြစ်တာ -အချိုဓာတ်များတာက ADHD (အတက်ကြွလွန်ရောဂါ) ဖြစ်တာနဲ့ တိုက်ရိုက်မဆိုင်ပါဘူး။ ဒါပေမယ့် သကြားဓာတ်များရင် ADHDရဲ့ လက္ခဏာပိုဆိုးစေတယ်လို့တော့ ဆိုပါတယ်။

၂) ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ

အာဟာရချို့တဲ့ခြင်း – အချိုစားများတဲ့ကလေးတွေက အဝလွန်တယ်ဆိုတာ သိပေမယ့် အာဟာရချို့တဲ့နိုင်တယ်ဆိုတာကိုရော သိပြီးပြီလား။ အချိုစားတဲ့ကလေးတွေက ဝနေတာ‌‌ကြောင့် အာဟာရပြည့်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သကြားမှာက ကယ်လ်လိုရီကလွဲပြီး ဘာမှမပါပါဘူး။ ကလေးတစ်ယောက် ကြီးထွားဖို့ လိုအပ်တဲ့ အသားဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဘာမှမပါတဲ့အတွက် ကြာလာရင် အာဟာရချို့တဲ့လာပါမယ်။ ဒါ့ပြင် အချိုပါတဲ့ အစားအစာတွေစားပြီး ဗိုက်ပြည့်သွားတဲ့အတွက် တခြားအာဟာရဖြစ်တာတွေ မစားနိုင်တော့ပါဘူး။

အဝလွန်ခြင်း -ငယ်ငယ်တည်းက အချိုစားများတဲ့ကလေးတွေက အဝလွန်နိုင်ချေရှိပါတယ်။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားရတတ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ပျက်စီးတဲ့ ရောဂါတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်တတ်ပါတယ်။

သွားပိုးစားခြင်း – အချိုတွေအစားများ လွန်းတာကြောင့်လည်း သွားပိုးစားတာ၊ သွားပိုးပေါက်တွေဖြစ်တတ်ပါတယ်။ ကလေးတွေအနေနဲ့ ခဏခဏသကြားလုံးစားတာ၊ စုပ်လုံးငုံတာ၊ အချိုရည်တွေသောက်တာက သွားတွေကို ထိခိုက်စေပါတယ်။ သွားပိုးပေါက်တွေကို မကုဘဲထားရင် ကြာလာတဲ့အခါ ရေစီးကမ်းပြိုတာ၊ သွားကျွတ်ထွက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ကလေးတွေသကြားဓာတ်ကို ဘယ်ကရနေလဲ။

ကလေးတွေနေ့စဥ်စားနေတဲ့ အစားအစာတွေထဲမှာ ကိုယ်မသိလိုက်ဘဲ သကြားဓာတ်တွေအများကြီးပါနေတတ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်

-အသင့်စားcerealတွေ
-အချိုဓာတ်ပါတဲ့ ပေါင်မုန့်တွေ
-အချိုရည်တွေ
-အချိုကဲထားတဲ့ နို့တွေ
-ကိတ်မုန့်တွေ
-သကြားလုံးတွေ
-ဒိန်ချဥ်တွေ
-ကော်ဖီ၊ လက်ဖက်ရည်

အသင့်စားအစားအစာတွေပဲဖြစ်ပါတယ်။ ဒါတွေက ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက်‌ရှောင်ကြဥ်ပြီး သကြားဓာတ်နည်းတဲ့ အစားအစာတွေကို အစားထိုးကျွေးသင့်ပါတယ်။
ဘာလို့သကြားဓာတ်နည်းတဲ့ အစားအစာတွေကို ရွေးသင့်တာလဲ။
သကြားဓာတ်နည်းတဲ့ အစားအစာတွေက ဆန့်ကျင်ဘက်အားဖြင့် ကောင်းကျိုးကို ပေးပါတယ်။ ဥပမာပြောရရင်

-မကြာခဏဖျားနာတာကို လျော့နည်းစေပါတယ်။

-အဆာခံပါတယ်။

-မှတ်ဉာဏ်ကို ‌ကောင်းစေပါတယ်။

-ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

–သွားကျန်းမာရေးကို ကောင်းစေပါတယ်။

Take home message
ခုလောက်ဆိုရင် သကြားက ကလေးအတွက် ဘယ်လိုဆိုးကျိုးတွေပေးတယ်ဆိုတာ သိလောက်ပါပြီ။ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်နိုင်တဲ့အတွက် ချင့်ချိန်ပြီး ကျွေးသင့်ပါတယ်။ ငယ်ငယ်တည်းက အချိုကြိုက်တဲ့ ကလေးဟာ ကြီးလာရင် ပိုကြိုက်ပြီး ဖြတ်ရခက်တတ်ပါတယ်။ အဲ့ဒီအခါ မလိုအပ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကလေးကို တကယ်ချစ်တယ်ဆိုရင် သကြားလုံးပေးပြီး ဆုမချပါနဲ့တော့။

Ref : hellosayarwon

ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top