ရေပူစမ်းစိမ်ခြင်းကို နှစ်သက်တဲ့ အသက်အကြီးဆုံး ဂရင်းနစ် စံချိန်တင် အဘိုးအို

1523573815672.jpg

တိုကျိုမြို့မှာနေတဲ့ မာဆာဇိုနိုနာကာ (Masazo Nonaka) အမည်ရတဲ့ အဘိုးဟာ နှစ်ပေါင်းများစွာ ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ရေပူစမ်းတွေမှာ စိမ်တဲ့အလေ့အထ ရှိခဲ့ပါတယ်။ ထိုအဘိုးအိုရဲ့ မိသားစုဟာ မျိုးဆက်၄ဆက် ရေပူစမ်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းကပဲ အဘိုးအိုမာဆာဇိုဟာ အသက် ၁၁၂နှစ် ၂၅၉ရက်နဲ့ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဘိုးအိုဟာ အာရှိုရိုမြို့ရှိ ၎င်းရဲ့နေအိမ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်မှ လက်မှတ်ကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ လက်မှတ်ပေးပွဲအခမ်းအနားကို ဘယ်ရီသီးတွေနဲ့ အလှဆင်ထားတဲ့ ကိတ်မုန့်ကြီးတစ်လုံးနဲ့ ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။

၁၉ဝ၅ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့မှာ မွေးဖွားခဲ့တဲ့အဘိုးအိုဟာ မိသားစုကြီးတစ်ခုက ကြီးပြင်းလာခဲ့ပြီး သူ့မိဘတွေပိုင်ဆိုင်တဲ့ စားသောက်ဆိုင်ကို လက်လွှဲရယူခဲ့ပါတယ်။ သက်တမ်း ၁ဝ၅နှစ်ရှိနေပြီဖြစ်နေတဲ့ စားသောက်ဆိုင်ကို အခုဆိုရင် အဘိုးအိုရဲ့မြေးဖြစ်သူ ယုကို (Yuko) က ဆက်လက်လုပ်ဆောင်နေပါတယ်။ အဘိုးအိုဟာ ရေပူစမ်းမှာ ပုံမှန်စိမ်လေ့ရှိပြီး အချိုတွေ အထူးသဖြင့် ကိတ်မုန့်တွေကို စားရတာ နှစ်သက်သူဖြစ်ပါတယ်။

အဘိုးအို မာဆာဇိုဟာ ဝှီးချဲလ်နဲ့ သူ့ဘာသာသူ လှုပ်ရှားသွားလာနေဆဲပါပဲလို့ မိသားစုဝင်တွေက ဆိုပါတယ်။ သူဟာ မနက်တိုင်း နံနက်စာစားပြီးရင် သတင်းစာတစ်စောင်ဖတ်တတ်ပြီး ဆူမိုနပန်းပွဲတွေနဲ့ ဆာမူရိုင်းရုပ်ရှင်တွေကို ကြည့်ရတာ နှစ်သက်တတ်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူအကြိုက်နှစ်သက်ဆုံး ဝါသနာကတော့ ရေပူစမ်းမှာ ရေစိမ်ခြင်းပဲဖြစ်ပါတယ်။

အဘိုးအို နိုနာကာဟာ ဂျပန်နိုင်ငံက အသက်တစ်ရာကျော်တဲ့ လူပေါင်း ၆၇၈ဝဝ ယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျမ်းမျှသက်တမ်းအမြင့်မားဆုံးနဲ့ အသက်ကြီးအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်ကြောင်း ကျန်းမာရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ အဘိုးအို မာဆာဇိုဟာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဆုရရှိခဲ့တဲ့ အသက် ၁၁၃နှစ်မှာ ကွယ်လွန်သွားခဲ့သူ စပိန်နိုင်ငံရှိ ဖရန့်စစ်စကိုအိုလီဗီယာ (Francisco Olivera) နေရာမှာ ရရှိခဲ့သူဖြစ်ကြောင်း ဂင်းနစ်က ဖော်ပြထားပါတယ်။

Ref: TIME “The Key to Longevity for the World’s Oldest Man Alive Sumo Wrestling and Hot Springs”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top