သင့်ကလေး အဖျားရှိနေပြီဆိုရင် ဘာလုပ်မလဲ

mother-with-her-illnes-daughter-in-a-bedroom-692ZBXV.jpg

သင့်ကလေး ပထမဆုံးအကြိမ် အဖျားရှိနေပြီဆိုရင် သင် စိုးရိမ်ပူပန်နေမှာ အသေအချာပါပဲ။ အရွယ်ရောက်သူတွေလိုမျိုး ကလေးငယ်တွေဟာလည်း အဖျားရောဂါကို တိုက်ခိုက်ဖို့နဲ့ ခုခံဖို့ နည်းလမ်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ကလေးဖျားနာနေပြီဆိုရင် အလန့်တကြား မဖြစ်ပါနဲ့။

သင့်ကလေး အဖျားရှိနေတဲ့အခါ ဘယ်လိုလုပ်သင့်လဲဆိုတာ အခု ဖော်ပြပေးထားပါတယ်။ ဘယ်ဆေးဝါး ကုသမှုကိုမဆို မလုပ်ခင် ဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးပါ။

ပထမဆုံး ကလေးကို ရေနွေးနဲ့ ရေပတ်တိုက်ပေးပါ။ သင့်ကလေးကို ရေအေးနဲ့ ရေမချိုးပေးပါနဲ့။ ဒါက သင့်ကလေးကို ချမ်းတုန်စေပြီးတော့ အဖျား ပိုတက်စေလို့ပါ။ ဒုတိယအနေနဲ့ ပေါ့ပါးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။ ကလေးကို စောင်တွေနဲ့ မပတ်ထားပါနဲ့။ အထူးသဖြင့် သင့်ကလေးဟာ ချမ်းတုန်နေတယ်ဆိုရင် စောင်ခြုံပေးဖို့ သင့်မှာ စိတ်ကူးရှိနိုင်ပါတယ်။ ဒါပေမဲ့ အဖျားရှိတဲ့ကလေးကို စောင်တွေနဲ့ ပတ်ထားတာဟာ အဖျားတက်တာကို ပိုဆိုးသွားနိုင်ပါတယ်။ သင့်ကလေးရဲ့ အခန်းဟာ လှောင်ပိတ်နေတာလား၊ ဒါမှမဟုတ် အိမ်ရဲ့ တခြားနေရာတွေထက်စာရင် ပိုနွေးနေလားဆိုတာ သတိပြုပေးပါ။ သင့်ကလေးကို နဲနဲအေးတဲ့နေရာကို ရွှေ့ပေးပါ။

ရေဓာတ်ဖြည့်ပေးခြင်း

မိခင်နို့ဖြစ်ဖြစ်၊ ရေ (ကလေးက ရေသောက်ဖို့ တော်တော် ကြီးနေပြီဆိုရင်) ဖြစ်ဖြစ် သင့်ကလေးကို ရေဓာတ် ဖြည့်ပေးခြင်းက သော့ချက်ပါပဲ။ Diaper (ကလေးသေးခံ) တွေ အနည်းငယ်သာ စိုစွတ်ခြင်း၊ မျက်ရည်မထွက်ခြင်း၊ အာခေါင်ခြောက်ခြင်း ဒီလက္ခဏာတွေကို သတိပြုမိပြီဆိုရင် သင့်ကလေးဟာ ရေဓာတ် ခန်းခြောက်နေတာ ဖြစ်ပါတယ်။

အစားအစာ

သင့်ကလေးက အစာအမာတွေ စားနိုင်ပြီဆိုရင် ကလေးက အရမ်း မဆာလောင်သေးတာ ဖြစ်ပါတယ်။ ကလေးကို အစာစားဖို့ တွန်းအားမပေးပါနဲ့။ ဒါပေမဲ့ သရေစာမုန့်၊ ပေါင်မုန့်၊ ကွတ်ကီး စတာတွေကို ကျွေးနိုင်ပါတယ်။

ဆေးဝါး

အဖျားအတွက် အသုံးပြုတဲ့ ဆေးဝါးတွေမှာ acetaminophen (အစီတာမောဖင်း) အများအားဖြင့် Tylenol (တိုင်လီနော)၊ ibuprofen (အိုင်ဗျူပရိုဖန်) လို့သိကြတဲ့ ဆေးပါဝင်ပါတယ်။ ကလေး အထူးကု ဆရာဝန်တွေဟာ ဆေးနှစ်မျိုးကို တစ်လှည့်စီတိုက်ဖို့ သင့်ကို အကြံပေးနိုင်ပါတယ်။ ကလေးဟာ အသက် ၃ လအောက်ဆိုရင် တခြားဆေးတွေ မတိုက်ခင် ကလေး အထူးကု ဆရာဝန်ကို အရင်ပြသင့်ပါတယ်။ သင့်ကလေးကို အက်စပရင်ဆေးပြား မပေးပါနဲ့။ အက်စပရင်ဟာ အသည်းကို ထိခိုက်စေပါတယ်။

သင့်ကလေးဟာ အသက် ၆လ အောက်ဆိုရင် ကလေးကို အိုင်ဗျူပရိုဖန် မတိုက်ပါနဲ့။ မှန်ကန်တဲ့ ဆေးအညွှန်းပေးလို့ရအောင် သင့်ကလေးရဲ့ အလေးချိန်ကို သိအောင်လုပ်ထားပါ။ ဆေးနှစ်မျိုးကို တစ်လှည့်စီ အညွှန်းပေးပြီး သင့်ကလေးကို ကုသဖို့ ဆရာဝန်က အကြံပြုတယ်ဆိုရင် အညွှန်းဆေးချိန်ကို မှတ်ထားပြီး ဆရာဝန် အကြံပေးချက်အတိုင်း လုပ်ဆောင်ပါ။ အိုင်ဗျူပရိုဖန်က အစာအိမ်ကို ထိခိုက်စေနိုင်တဲ့အတွက် သတိထားပါ။

ကလေးဆရာဝန်ကို ဘယ်အချိန် ခေါ်သင့်လဲ

သင့်ကလေးဟာ နှစ်လလောက်ပဲရှိပြီး အဖျားရှိတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းခေါ်သင့်ပါတယ်။ အသက် ၃ လထက်ငယ်ပြီး အဖျားက ၁၀၀ ဒီဂရီထက် ကျော်တယ်ဆိုရင်၊ လည်ချောင်းနာပြီး အော့အန်တာလိုမျိုး တခြားရောဂါ လက္ခဏာတွေ ရှိတယ်ဆိုရင်၊ ကလေးက အဖျားရှိပြီး သတိလစ်တယ်ဆိုရင်၊ ကလေးရဲ့ အပူချိန်ဟာ ၁၀၅ ဒီဂရီဖာရင်ဟိုက်အထိ ထိုးတက်လာတယ်ဆိုရင်၊ ရက်အနည်းငယ်ထက် အဖျား ကြာရှည်နေရင် ဆရာဝန်ခေါ်သင့်ပါပြီ။

ဆေးရုံကားခေါ်တာ ဒါမှမဟုတ် အရေးပေါ်ကို သွားရမဲ့ လက္ခဏာတွေကတော့ အလွယ်တကူ မနိုးတာ ဒါမှမဟုတ် သတိလစ်တဲ့အခါ၊ ကလေးက အဆက်မပြတ် ငိုနေပြီး ချော့လို့မရတော့တဲ့အခါ၊ ကလေးရဲ့ နှုတ်ခမ်း၊ လက်သည်းတွေနဲ့ လျှာတွေ ပြာလာတဲ့အခါ၊ လမ်းတောင်မလျှောက်နိုင်ဖြစ်ပြီး ကလေးရဲ့လည်ပင်း တောင့်တောင့်ကြီး ဖြစ်နေတဲ့အခါ၊ သင့်ကလေးဟာ အကြောတွေ ဆွဲပြီး အော့အန်တဲ့အခါ အရေးပေါ်ကို အပြေးသွားသင့်ပါပြီ။

Ref: PopSugar “What to do when your baby has a fever”

Wint Wah(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top