တောင်အာဖရိက အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၆၈ ယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိ

27-7-2020-yyl-004.jpg

တောင်အာဖရိကနိုင်ငံ အနောက်ပိုင်းကိတ်ပြည်နယ်ရှိ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၆၈ ယောက်လုံးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီလို့ အစိုးရက ကြေညာခဲ့ပါတယ်။ နှစ်ရက်ကြာ ပိုက်စိပ်တိုက် ရှာဖွေမှုလုပ်ခဲ့ပြီးနောက်မှာ ငြိမ်ဝပ်ပိပြားရေး ဖော်ဆောင်နိုင်ခဲ့တဲ့ အကျဉ်းထောင်အရာရှိတွေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မယ်မက်စ်ဘူရီအကျဉ်းထောင်မှာ လေ့ကျင့်ခန်းလုပ်ခွင့်ပေးတဲ့အချိန်မှာ အကျဉ်းသားတွေက အစောင့်အကြပ်တွေကို တိုက်ခိုက်၊ အနိုင်ယူပြီး အကျဉ်းထောင်အရာရှိ ၃ ယောက်ကို အကျဉ်းခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ အဲဒီနောက်မှာ တခြားအကျဉ်းသားတွေကိုပါ လွှတ်ပေးပြီး ခေါင်မိုးပေါ်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ အကျဉ်းသားတွေကို ရုံးတင်စစ်ဆေးဖို့ တရားရုံးကို လွှဲပြောင်းပေးအပ်ချိန်မှာ ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ ဖော်ပြကြပါတယ်။

အကျဉ်းထောင်ကနေ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်ရပ်ကို ကားထဲမှာထိုင်နေတဲ့ ပြည်သူတစ်ယောက်က ကင်မရာနဲ့ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ အကျဉ်းသား ၄၅၁ ယောက်ရှိတဲ့ မယ်မက်စ်ဘူရီအကျဉ်းထောင်ကို ကြီးကြပ်ကွပ်ကဲဖို့ အကျဉ်းထောင်အစောင့်အကြပ် ၂၀ ပဲ ချထားခဲ့တယ်လို့ တောင်အာဖရိကနိုင်ငံ စာရိတ္တပြုပြင်ထိန်းသိမ်းရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်ရပ်မှာ အကျဉ်းထောင်အရာရှိ ၉ ယောက် ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ အရေးပါတဲ့ သတင်းအချက်အလက်တွေပေးခဲ့တဲ့ ဒေသခံတွေကို တောင်အာဖရိကနိုင်ငံ တရားရေးဝန်ကြီး လာမိုလာက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အကျဉ်းထောင်ကနေ ထွက်ပြေးခဲ့သူတွေကို အရေးယူသွားမယ်လို့ လာမိုလာက ဆိုပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top