အကျင့်စာရိတ္တကောင်းမွန်ကြောင်း လုပ်ရပ်နဲ့ သက်သေပြလိုက်တဲ့ ဆယ်ကျော်သက်ကောင်လေး

18-5-2020-yyl-033.jpg

အယ်လ်ဘူကာကီမြို့က အသက် (၁၉) နှစ်အရွယ်ကောင်လေး ဂျိုဆီ နန်နက်ဇ် ရိုမန်နိုက်ဟာ သူ့အဘိုးအတွက် အွန်လိုင်းပေါ်ကနေ ခြေအိတ်တစ်စုံဝယ်ပေးချင်ခဲ့တာပါ။ ဒါကြောင့် သူ့ဘဏ်အကောင့်ထဲက ပိုက်ဆံထုတ်ဖို့လိုအပ်တဲ့အတွက် ATM စက်ကို သွားတဲ့အခါမှာ သူ့ရဲ့အကျင့်သိက္ခာကောင်းမွန်ကြောင်း လုပ်ရပ်တစ်ခုနဲ့ သက်သေပြခဲ့လို့ သူ့ကို လူအများက ချီးကျူးဂုဏ်ပြုခဲ့ကြသလို နာမည်ကျော်သွားခဲ့ပါတယ်။ သူ ဘယ်လိုလုပ်ရပ်မျိုးလုပ်ခဲ့လဲဆိုရင် သူ ပိုက်ဆံသွားထုတ်တဲ့ ATM စက်နားက မြေပြင်ပေါ်မှာ ပလတ်စတစ်အကြည်အိတ်တစ်လုံးကို တွေ့ခဲ့တာပါ။ အဲဒီအိတ်ထဲမှာ ဒေါ်လာ (၅၀) တန်နဲ့ ဒေါ်လာ (၂၀) တန်အုပ်လိုက်တွေပါပဲ။ အဲဒီအချိန်မှာ ဂျိုဆီက အံ့အားသင့်သွားတဲ့အတွက် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့တာကြောင့် ငါ ဘာလုပ်သင့်လဲလို့ စဉ်းစားနေခဲ့ကြောင်း ပြောပါတယ်။

ဂျိုဆီက ဒီလောက်ပိုက်ဆံထုတ်ကြီးကို မြင်တွေ့ရမယ်လို့ သူ မထင်ထားခဲ့သလို တစ်စုံတစ်ယောက်က သူ့နောက်ကနေ ဆွဲယူပြီး သူ့ကို ပြန်ပေးဆွဲသွားမလားဆိုပြီး အတွေးပေါင်းများစွာရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က ဘဏ်ပိတ်နေတဲ့အတွက် ပိုက်ဆံထုတ်ကောက်ရထားကြောင်းကိုရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ရဲ (၂) ယောက်ရောက်လာတဲ့အတွက် ဂျိုဆီက သူတို့ကို ပိုက်ဆံထုတ်ကို ပေးခဲ့ပါတယ်။ အဲဒီနောက် ရဲအရာရှိတွေက ရဲစခန်းမှာ ရေတွက်ကြည့်တဲ့အခါမှာ စုစုပေါင်း ဒေါ်လာ (၁၃၅,၀၀၀) ရှိပါတယ်။ ရဲတွေကတော့ ဘဏ်ဝန်ထမ်းက ဒီပိုက်ဆံတွေကို ATM စက်ထဲထည့်ဖို့လုပ်တဲ့အချိန်မှာ ကျန်နေခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ “ဒီပိုက်ဆံက သူ့ဘဝကို ပြောင်းလဲသွားအောင်လုပ်နိုင်တဲ့ငွေပမာဏပါပဲ။ ဒါပေမဲ့သူ့ရဲ့ ဂုဏ်သိက္ခာကို ရွေးချယ်ခဲ့ပြီး မှန်ကန်တဲ့အရာကို လုပ်ခဲ့ပါတယ်” လို့ ရဲအရာရှိကပြောပါတယ်။ ဘဏ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ATM ဝန်ဆောင်မှုပေးတဲ့သူကို အလုပ်ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။

ဂျိုဆီက အိမ်မှာနေပြီး သူ့ရဲ့ညီငယ်ညီမငယ်တွေကို စောင့်ရှောက်ဖို့ မိဘတွေကို ကူညီပေးနေတဲ့ တက္ကသိုလ်ကျောင်းသားလေးပါ။ သူတို့မိသားစုက အဲဒီလိုငွေပမာဏကို မမြင်ခဲ့ဖူးဘဲ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ရပါတယ်။ သူ အဲဒီပိုက်ဆံတွေ မြင်တော့ ရဲတွေလာတာစောင့်ဆိုင်းရင်းနဲ့ သူ့ခေါင်းထဲမှာ မိဘတွေ သင်ပေးခဲ့တဲ့ဆုံးမစကားတွေကို ကြားနေရတယ်လို့ ပြောပါတယ်။ “ကျွန်တော့်မိဘတွေက ကိုယ့်ကိုယ်တိုင် အလုပ်လုပ်ဖို့ အမြဲတမ်းသင်ပေးပါတယ်။ ခိုးယူထားတဲ့ပိုက်ဆံက ဘယ်တော့မှ ကြာကြာခံမှာမဟုတ်ဘူး” ဆိုတဲ့စကားကို ဂျိုဆီက ကြားယောင်နေခဲ့တာပါ။ အဲဒါကြောင့်ပဲ မှန်ကန်တဲ့လမ်းကို ရွေးချယ်ပြီး ပိုက်ဆံတွေကို ရဲလက်ထဲအပ်ခဲ့တာဖြစ်ပါတယ်။ အခုလို ဂျိုဆီရဲ့ရိုးသားတဲ့လုပ်ရပ်ကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။ မြို့အာဏာပိုင်တွေက အခမ်းအနားပွဲတစ်ခုနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။ ရဲမှူးချုပ်က သူ့ကို မော်ကွန်းကမ္မည်းပြားလေးပေးခဲ့သလို ရဲဌာနမှာ ပြည်သူ့ဝန်ထမ်းအဖြစ် လျှောက်ထားဖို့အတွက် ဂျိုဆီကို ဖိတ်ကြားခဲ့ပါသေးတယ်။

ရေဒီယိုဌာနတစ်ခုကလည်း ဂျိုဆီကို ဘောလုံးသမားဟောင်းတွေရဲ့လက်မှတ်တွေပါတဲ့ အမှတ်တရပစ္စည်းတွေနဲ့ ဘောလုံးလက်မှတ်တွေ ပေးခဲ့ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်း (၃) ခုကလည်း သူ့ကို ဒေါ်လာ (၅၀၀) စီချီးမြှင့်ခဲ့ပြီး အဲဒီအထဲက စားသောက်ဆိုင်တစ်ခုက ဒေါ်လာ(၁၀၀)တန် Gift Card ကိုလည်း ပေးခဲ့တယ်လို့ သိရပါတယ်။ ရေဒီယိုဌာနနဲ့ ဂျိုဆီတို့အင်တာဗျူးလုပ်တဲ့အခါမှာ ဂျိုဆီက အခမ်းအနားပွဲမှာ ရှိခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဂျိုဆီက ပိုက်ဆံထုတ်တွေ့တာကို ရဲတွေကို အကြောင်းကြားပြီးမှ မိဘတွေကို ပြောခဲ့တာပါ။ ရဲအရာရှိတွေက ဂျိုဆီရဲ့အိမ်ကိုလိုက်လာပြီး မိဘတွေကို ချီးမွမ်းစကားဆိုခဲ့ပါသေးတယ်။ “ကျွန်တော် လုပ်ရပ်မှန်ကန်တယ်။ ကျွန်တော်ကို ဂုဏ်ယူမိတယ်လို့ အမေက ပြောပါတယ်။ အမေက ကျွန်တော်ကို ခေါ်ခဲ့ပြီး ငိုတော့မလိုဖြစ်ခဲ့ပါတယ်”လို့ ဂျိုဆီက ပြောပါတယ်။ ဂျိုဆီက တက္ကသိုလ်ပထမနှစ်တက်ပြီးပါပြီ။ သူ့ငယ်ဘဝအိပ်မက်က မှုခင်းစုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်လုပ်ဖို့ပါပဲ။

Ref: An Albuquerque man found $135K next to an ATM. Instead of walking away with it, he called police

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top