စူးနစ်ယုံကြည်မှုသည် ပဉ္စလက်မြည်၏

13-6-2022-yyl11.jpg

ကောင်မလေးက အိပ်ခန်းထဲ ပြေးဝင်ပြီး အဝတ်ဗီရို အံဆွဲထဲက ဝက်ရုပ်စုဘူးလေးကို လှမ်းယူလိုက်တယ်။ ပြီးတော့ စုဘူးခွဲပြီး ငွေဒင်္ဂါးတွေကို ထုတ်ရေတယ်။ ၃ ခေါက် ပြန်ရေလိုက်ပြီး သေချာပြီဆိုတော့မှ ငွေဒင်္ဂါးတွေကို ကရားထဲထည့်၊ အဖုံးပိတ်ပြီး အိမ်နောက်ဖေးပေါက်ကနေ ထွက်လာခဲ့တယ်။ ၆ လမ်းကျော်မှာရှိတဲ့ ဆေးဆိုင်ကို သူသွားနေတာပါ။

ဆေးဆိုင်မှာ ဝယ်သူများနေလို့ တော်တော်စောင့်နေရတယ်။ သူ လှမ်းပြောတာကိုလည်း ဆေးရောင်းသူက သတိမထားမိဘူး။ ကရားထဲက ငွေဒင်္ဂါးတချို့ကို ထုတ်ပြီး မှန်စားပွဲပေါ် တင်လိုက်တော့မှ ဆေးရောင်းသူက သူ့ကို သတိထားမိတယ်။

” ဘာဆေးယူမလဲ သမီးလေး”
” သမီးမောင်လေး အသည်းအသန်ဖြစ်နေလို့၊ ပဉ္စလက် ဝယ်ချင်လို့ပါ”
” ဟင် . . . ဘာပြောလိုက်တာလဲ သမီး”
” သမီးမောင်လေး အသည်းအသန်ဖြစ်နေတယ်။ အခုချိန်မှာ သူ့ကို ကုပေးနိုင်တာ ပဉ္စလက်တစ်မျိုးပဲ ရှိတော့မယ်လို့ အဖေက ပြောလို့လေ။ အဲဒါ မောင်လေးအတွက် ပဉ္စလက် ဝယ်ချင်လို့။ ပဉ္စလက်တစ်ခုကို ဘယ်လောက်လဲ”
” စိတ်မကောင်းပါဘူး သမီးရယ်။ ဦးတို့ဆိုင်မှာ ပဉ္စလက်မရောင်းလို့ပါ”
စိတ်မကောင်းဖြစ်သွားတဲ့ ဆေးဆိုင်ပိုင်ရှင်က လေသံတိုးတိုးလေးနဲ့ ပြန်ပြောလိုက်တယ်။
” သမီးမှာ ပိုက်ဆံပါပါတယ်။ ဒါနဲ့ မလောက်သေးရင် သွားပြန်ယူပေးမှာပါ။ ပဉ္စလက်တစ်ခုကို ဘယ်လောက်ရောင်းသလဲဆိုတာသာ ပြောပါရှင်”

ကောင်မလေးရဲ့ဘေးမှာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ထောင်ထောင်မောင်းမောင်းအမျိုးသားတစ်ဦး ရပ်နေတယ်။ သူက ကိုယ်ကို ညွှတ်လိုက်ပြီး ” သမီးမောင်လေးအတွက် ဘယ်လိုပဉ္စလက်မျိုး လိုချင်တာလဲ”လို့ မေးလိုက်တယ်။

” သမီးလည်း မသိဘူး။ သူ တော်တော်လေး နေမကောင်းဖြစ်နေတယ်။ သူ့ခေါင်းထဲမှာ ဆိုးရွားတဲ့အရာတစ်ခုခု ကြီးထွားလာနေတယ်။ ဆရာဝန်တွေကတော့ ခွဲစိတ်မှုလုပ်ရမယ်တဲ့။ ဒါပေမဲ့ ဖေဖေတို့က ငွေမတတ်နိုင်ဘူး။ အဲဒီတော့ သူ့ကို ကယ်တင်နိုင်ဖို့ ပဉ္စလက်ကိုပဲ မျှော်ကိုးရတော့မှာပေါ့။ မောင်လေးကိုကယ်ဖို့ဆိုရင် သမီးမှာရှိတဲ့ ပိုက်ဆံအားလုံးပေးနိုင်ပါတယ်”။ စကားပြောနေရင်း ကောင်မလေးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတယ်။

”သမီးမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ”
” တစ်ဒေါ်လာနဲ့ ၂ ဆင့် ရှိတယ်။ လက်ထဲမှာရှိတာတော့ ဒါအကုန်ပဲ။ ဒါပေမဲ့ ပိုက်ဆံလိုသေးရင် သွားထပ်ယူလို့ ရပါတယ်”လို့ ကောင်မလေးက မရဲတရဲ ပြောရှာတယ်။
” ဟာ ကွက်တိပဲဟေ့။ သမီးမောင်လေး လိုနေတဲ့ ပဉ္စလက်ကလည်း တစ်ဒေါ်လာနဲ့ ၂ ဆင့်ပဲ ကျတယ်ကွ”လို့ လူကြီးက ပြုံးပြီး ပြောလိုက်တယ်။

လူကြီးက လက်တစ်ဖက်နဲ့ ငွေဒင်္ဂါးလေးတွေကို ယူလိုက်ပြီး မိန်းကလေးရဲ့လက်ကိုလည်း လက်တစ်ဖက်နဲ့ ဖွဖွလေး ကိုင်ထားတယ်။ ” ဦးကို သမီးမောင်လေးဆီ ခေါ်သွားပေး။ သမီး မိဘတွေနဲ့တွေ့ပြီး သမီးမောင်လေးကို ကြည့်ပေးမယ်။ ဦးမှာရှိတဲ့ ပဉ္စလက်က သမီးမောင်လေး လိုနေတဲ့အရာ ဟုတ်သလားဆိုတာ ကြည့်ကြတာပေါ့ကွယ်” လို့ ပြောတယ်။

အဲဒီလူကြီးကတော့ နာမည်ကျော်ကြားတဲ့ အာရုံကြောဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ ကောင်လေးရဲ့ အသက်ကိုကယ်တင်ပေးနိုင်စွမ်းရှိသူပါ။ ဒီလိုနဲ့ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ကောင်လေးလည်း ဆေးရုံက ပြန်ဆင်းခွင့်ရခဲ့ပါပြီ။ ကျန်းမာရေးလည်း ပြန်ကောင်းလာခဲ့ပါပြီ။ အမေနဲ့ အဖေကတော့ ပျော်လွန်းလို့ ဒီအကြောင်းကို ပြောမဆုံးတော့ပါဘူး။

” ဒီခွဲစိတ်မှုက တကယ့်ပဉ္စလက်ဆန်လွန်းပါရဲ့။ ဘယ်လောက်ကုန်မလဲ မသိဘူးနော်” လို့ အမေက ပြောတယ်။ အမေ့စကားကြားလိုက်ရတော့ ကောင်မလေးက ပြုံးပြုံးလေး လုပ်နေတယ်။ ဒီခွဲစိတ်မှုအတွက် တစ်ဒေါ်လာနဲ့ ၂ ဆင့်၊ ပြီးတော့ ကလေးတစ်ယောက်ရဲ့ စူးစူးနစ်နစ်ယုံကြည်မှုတစ်ခုပဲ ကုန်ကျခဲ့တယ်ဆိုတာ သူ သိနေလို့လေ။

Ref: Price of Miracle

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top