အာဆင်နယ်က အူဘာမီယန်းကို ရောင်းထုတ်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဆို

20-5-2020-yyl-023.jpg

အာဆင်နယ်အသင်းက လာမယ့်နွေရာသီမှာ အူဘာမီယန်းကို ထုတ်ရောင်းဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလို့ အသင်းတိုက်စစ်မှူးဟောင်း အလီဒါရီက ပြောပါတယ်။ အူဘာမီယန်းနဲ့ အာဆင်နယ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းတစ်နှစ်ပဲ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုတွေကလည်း သဘောတူညီမှုမရသေးပါဘူး။ ရီးရဲလ်၊ ဘာစီလိုနာ၊ အင်တာမီလန်အသင်းတွေက အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အူဘာမီယန်းဟာ အာဆင်နယ်အတွက် ၉၇ ပွဲ ကစားချိန်မှာ ၆၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။ အသက် ၃၀ ရှိတဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆက်ထိန်းထားမယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ဆိုပါတယ်။

ဒါပေမဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ မအောင်မြင်ရင် အာဆင်နယ်က အူဘာမီယန်းကို ရောင်းထုတ်ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိဘူးလို့ အလီဒါရီက ပြောပါတယ်။ ” အာဆင်နယ်က သူ့ကို ထုတ်ရောင်းဖို့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့တော့ အပြောင်းခံမှာမဟုတ်ဘူး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေချိန်မှာ ဒီကိစ္စကို ဖြေရှင်းရမှာပါ။ ပြီးခဲ့တဲ့နွေရာသီမှာ စာချုပ်သစ်ချုပ်ရင်ချုပ် ဒါမှမဟုတ်လည်း ရောင်းထုတ်ရမှာပါ။ ကျွန်တော်သာ အူဘာမီယန်းဆိုရင် စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်ချိန်မှာ အလွတ်ပြောင်းရွှေ့ခွင့်ရဖို့ ကစားသမားဘဝကို တစ်နှစ်လောက် စတေးမှာပဲ။ တကမ္ဘာလုံးမှာရှိတဲ့ ကလပ်တွေက ကိုယ့်နောက်ကောက်ကောက်ပါအောင် လုပ်ပြီး ငွေလည်း သောက်သောက်လဲ ရမယ်လေ။ ဘယ်သူက ဒီလိုမလုပ်ဘဲ နေမှာလဲ” လို့ အလီဒါရီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top