တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးတာဝန်နဲ့ အောင်လအန်ဆန်

2-4-2020-yyl-016.jpg

စက်မှုဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူသားတွေရဲ့နေထိုင်မှုစနစ်က တိုးတက်ထွန်းကားလာသလို ခေတ်မီနည်းပညာတွေကလည်း တစ် နေ့တစ်မျိုး မရိုးနိုင်လောက်အောင် ထွက်ပေါ်လျက်ရှိပါတယ်။ ကမ္ဘာ့လူဦးရေကလည်း တဖြည်းဖြည်း တိုးတက်များပြားလာပြီး များပြား လာတဲ့ လူဦးရေအတွက် နေရာထိုင်ခင်းတွေ၊ စက်ရုံအလုပ်ရုံတွေ တည်ဆောက်နိုင်ဖို့အတွက် မြေဧရိယာတွေက တဖြည်းဖြည်းရှားပါး လာပါတယ်။ စီးပွားရေးလုပ်ငန်းအတွက် သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတာတွေကလည်း ဂေဟစနစ်ပျက်ယွင်းစေသလို တောရိုင်း တိရစ္ဆာန်တွေရဲ့စားကျက်မြေတွေ ပျက်စီးဆုံးရှုံးစေပါတယ်။ သစ်တောမြေတွေ ပျောက်ဆုံးကာ အစာရှာဖွေစားသောက်ရတာ ခက်ခဲလာ တဲ့ တောရိုင်းတိရစ္ဆာန်လေးတွေအတွက် နောက်ထပ်ဆိုးရွားလွန်းတဲ့ အန္တရာယ်တစ်ခုလည်း ရှိပါသေးတယ်။

အဲဒါကတော့ တိုင်းရင်းဆေးဖော်စပ်ဖို့၊ အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် တောရိုင်းတိရစ္ဆာန်တွေကို တရားမ ဝင် ဖမ်းဆီးသတ်ဖြတ်နေကြတာပါပဲ။ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးသတ်ဖြတ်ခံနေရတာကို နိုင်ငံအများအပြားက ဥပဒေနဲ့တားမြစ်ထား ပေမယ့်လည်း တောတာင်ထူထပ်တဲ့ နယ်စပ်ဒေသတွေမှာတော့ မှောင်ခိုဈေးကွက်က ကြီးကြီးမားမားရှိနေဆဲပါပဲ။ ကျား၊ ကျားသစ်၊ ဟိမဝန္တာဝက်ဝံ၊ နှာခေါင်းလန်မျောက်၊ ဆင်၊ သင်းခွေချပ် အစရှိတဲ့ မျိုးတုန်းပျောက်ကွယ်လုနီးပါးရှိနေတဲ့ ရှားပါးသတ္တဝါတွေဟာ နေ့စဉ် ဆိုသလို သတ်ဖြတ်ခံနေရပါတယ်။ အဆိုပါ တိရစ္ဆာန်တွေရဲ့အမွေး၊ အစွယ်၊ သားရေ၊ အကြေးခွံ၊ ကိုယ်တွင်းကလီစာကအစ အားလုံးက အဖိုးတန်တာကြောင့် ဈေးကြီးပေးဝယ်ယူတဲ့ လူတန်းစားတွေဆီ မှောင်ခိုဂိုဏ်းတွေက တစ်ဆင့်ခံရောင်းချကြပါတယ်။

တရုတ်နိုင်ငံကို အ ဓိကရောင်းချတဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်က တန်ဖိုးကြီးမားလှပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီရှိပါတယ်။
ကြီးမားတဲ့ဈေးကွက်ကြီးနဲ့ ဝယ်လိုအားက အမြဲလိုရှိနေတာကြောင့် နိုင်ငံငယ်လေးတွေက တောရိုင်းတိရစ္ဆာန်တွေဟာ အမဲလိုက်မုဆိုး တွေရဲ့လက်ချက်နဲ့ သတ်ဖြတ်ခံနေရတာကြောင့် မျိုးတုန်းလုနီးပါးအခြေအနေကို ရောက်ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့တောရိုင်းတိရ စ္ဆာန်များ ရန်ပုံငွေအဖွဲ့(WWF)က မျိုးတုန်းပျောက်ကွယ်သွားတော့မယ့် တိရစ္ဆာန်တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နိုင်ငံတကာအစိုး ရတွေနဲ့ ချိတ်ဆက်ကာ ရန်ပုံငွေထောက်ပံ့ခြင်း၊ ဒေသခံတွေကို ပညာပေးခြင်း၊ နည်းပညာအကူအညီပေးခြင်းတွေ ပြုလုပ်ပေးလျက်ရှိပါ တယ်။ ဒါ့အပြင် WWF က နာမည်ကျော်အနုပညာရှင်တွေ၊ အားကစားသမားတွေကို သံတမန်အဖြစ်ခန့်အပ်ကာ တောရိုင်းတိရစ္ဆာန်လေး တွေ ဆက်လက်တည်ရှိအောင် ကြိုးစားလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လ အန်ဆန်က WWF ရဲ့သံတမန်အဖြစ် ဆောင်ရွက်နေပါတယ်။ အသက် ၃၅ နှစ်အရွယ် အောင်လအန်ဆန်ဟာ ကြိုးဝိုင်းအတွင်း ပြိုင်ဘက် တွေအပေါ် အညှာအတာမရှိ ထိုးသတ်တတ်သူဖြစ်ပေမယ့်လည်း အခြားတစ်ဖက်မှာတော့ မိသားစုအပေါ် ချစ်ခင်ကြင်နာသူ၊ တိရစ္ဆာန် လေးတွေအပေါ် ကြင်နာသနားတတ်သူပါ။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာမွေးဖွားခဲ့တဲ့ အောင်လအန်ဆန်ဟာ ငယ်ရွယ်စဉ် ကတည်းက တောရိုင်းတိရစ္ဆာန်တွေနဲ့ ရင်းနှီးခဲ့သူလို့ ဆိုနိုင်ပါတယ်။ ၎င်းရဲ့ဖခင်က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တာ ကြောင့် ငယ်စဉ်ကတည်းက ဖခင်ကြီးရဲ့လုပ်ငန်းခွင်ထဲ ဆင်စီးကာ သွားရောက်နေကြလို့ အောင်လအန်ဆန်က ပြောပြဖူးပါတယ်။

ကချင်ပြည်နယ်ဟာ ရေခဲတောင်တွေ ပိုင်ဆိုင်ထားသလို တောတောင်ထူထပ်တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် တောရိုင်းတိရစ္ဆာန်တွေ ပျော်မွေ့တဲ့ ဒေသလို့ဆိုနိုင်ပါတယ်။ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ မျောက်၊ သင်းခွေချပ် စတဲ့ သားကောင်မျိုးစုံ ကျက်စားရာ သစ်တောကြီး တွေက သစ်ခိုးခုတ်သူတွေလက်ချက်ကြောင့် ပြုန်းတီးလာသလို အသွေးအသွား ဝယ်ယူလိုသူတွေကြောင့် တောရိုင်းတိရစ္ဆာန်တွေလည်း တစ်စတစ်စ ရှားပါးလာနေပါတယ်။ အချိန်မီတားဆီးနိုင်မှသာ လုံးဝမျိုးတုန်းပျောက်ကွယ်သွားမယ့် အခြေအနေကနေ ကျော်ဖြတ်နိုင်မှာ ပါ။ ဒီလို တားဆီးနိုင်ဖို့အတွက် အောင်လအန်ဆန်လို လူသိများကျော်ကြားတဲ့ အားကစားသမားကောင်းတစ်ယောက်ကို သံတမန်အဖြစ် ခန့်အပ်ခဲ့တာက အားတက်စရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာအစိုးရရုံးစိုက်ရာ နေပြည်တော်မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့အစွယ်၊ အကြေးခွံနဲ့ သားရေတွေကို မီးရှို့ဖျက် ဆီးခဲ့ပြီး ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းရှိပါတယ်။ ဆင်စွယ်၊ သင်းခွေချပ်အကြေးခွံ၊ အခြား သားရိုင်းတိရ စ္ဆာန်တွေရဲ့အစိတ်အပိုင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒါက တောကောင်လေးတွေအတွက် သတင်းကောင်းပဲလို့ Sanford MMA အ သင်းသား အောင်လအန်ဆန်က ပြောပါတယ်။ တောရိုင်းတိရစ္ဆာန်လေးတွေဟာ သူတို့ကျင်လည်ကျက်စားရာ တောတောင်ရေမြေတွေ မှာသာ ရှိနေသင့်ပြီး သားငါးဈေးအတွင်း ရှိမနေသင့်ဘူးလို့ ၎င်းက ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သားကောင်လေးတွေအပေါ် ချစ်မြတ်နိုးတာကြောင့် တောရိုင်းတိရစ္ဆာန်မှောင်ခိုရောင်းဝယ်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ ကချင်တိုင်းရင်းသားက ဆို ပါတယ်။

“ကျွန်တော်တို့နိုင်ငံအတွင်း တောရိုင်း တိရစ္ဆာန်လေးတွေအပေါ် ကျူးလွန်တဲ့မှုခင်းဖြစ်ရပ်တွေ ရပ်တန့်သွားဖို့ ကြိုးစားသွားမှာပါ။ နှလုံး သားနဲ့ အနီးဆုံးမှာထားပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ ဆင်တွေ၊ ကျားတွေ၊ သင်းခွေချပ်တွေ၊ ဝက်ဝံတွေ၊ လိပ်တွေ၊ မြန်မာ့စပါးအုံး မြွေတွေက သူတို့သဘာဝအတိုင်း ရှိနေရမှာပါ။ သဘာဝသစ်တောကြီးတွေ၊ တောင်တန်းတွေနဲ့ ပင်လယ်သမုဒ္ဒရာတွေမှာပဲ ရှိနေရမှာဖြစ် ပြီး ဈေးထဲမှာ ရောင်းချခံနေရတဲ့အဖြစ်မျိုး ရှိမနေသင့်ပါဘူး” လို့ အောင်လအန်ဆန်က ပြောပါတယ်။ ဒါ့အပြင် ၎င်းက တောရိုင်းတိရစ္ဆာန် လေးတွေကို ချစ်ခင်သနားကြင်နာတတ်သူတွေအနေနဲ့ မှောင်ခိုရောင်းဝယ်ဖောက်ကားခြင်းမျိုးကို နှုတ်ဆိတ်မနေဘဲ ဆန့်ကျင်သွားရမယ် လို့လည်း တိုက်တွန်းပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top