Facebook မှ တင်းကြပ်လိုက်သော မူဝါဒများနှင့် တိုးမြှင့်ပေးအပ်လိုက်သော ထောက်ပံ့ကူညီမှုများ

fb-e1555601594383.jpg

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ရှိနေတဲ့ အွန်လိုင်းပေါ်က လူမှုအသိုက်အဝန်းကြီး တစ်ခုအနေနဲ့ ကျွန်မတို့ရဲ့ app တွေပေါ်ကလူတွေ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးဟာ ကျွန်မတို့အတွက် အင်မတန် အရေးကြီး လှပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းကစလို့ ကမ္ဘာ့နေရာအရပ်ရပ်က ကျွမ်းကျင်ပညာရှင်များစွာနဲ့အတူ လက်တွဲပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေ၊ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာ ဖြစ်စေမှုတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်အောင် ထောက်ပံ့ကူညီပေးနိုင်တဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ နည်းပညာထုတ်ကုန်တွေကို ပြင်ဆင်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သေကြောင်းကြံစည်မှု တားဆီးကာကွယ်ရေးနေ့မှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မတို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်တွေနဲ့ ကျွန်မတို့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ အပြင် ကျွန်မတို့ရဲ့ app တွေပေါ်က လူတွေ၊ အထူးသဖြင့် သိပ်ကို စိတ်ထိခိုက်ခံစားလွယ်တဲ့သူတွေရဲ့ ဘေးကင်း လုံခြုံရေးအတွက် ကျွန်မတို့ နောက်ထပ် ဆောင်ရွက်သွားမယ့် လုပ်ဆောင်ချက်တွေအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းနှင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာဖြစ်စေခြင်းတို့နှင့် ဆက်စပ်နေသည့် အကြောင်းအရာများကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်း

ဒီနှစ် အစောပိုင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု၊ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာ ဖြစ်စေမှုတွေနဲ့ ဆက်စပ်ပြီး ကိုင်တွယ်ဖြေရှင်းရခက်တဲ့ ခေါင်းစဉ်အချို့ကို ပိုပြီး ဆွေးနွေးမှုတွေပြုလုပ်ပေးနိုင်ဖို့ ကမ္ဘာ့နိုင်ငံအနှံ့က ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာမှုတွေ ပုံမှန်စတင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့ ဆွေးနွေးမှုတွေမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ အသိပေးစာတွေကို ကျွန်မတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ အကြောင်း၊ ဝမ်းနည်းအားငယ်စရာ အကြောင်းအရာတွေနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့အကြောင်း တွေကို စိတ်ဝင်စားဖို့ကောင်းအောင် ဆွဲဆောင်ရိုက်ကူးထားတဲ့ ဖန်တီးမှုတွေကနေ ရလာနိုင်တဲ့ အန္တရာယ်တွေ စသည်ဖြင့် ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို Facebook ရဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်မှု တားဆီးကာကွယ်ရေး စာမျက်နှာ အသစ်နဲ့ Safety Centre တွေမှာ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။

ဒီ တိုင်ပင်ဆွေးနွေးမှုတွေကနေ ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်တစ်ခုကတော့ ဒီလိုမျိုး အကြောင်းအရာတွေကို ကျွန်မတို့ ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အပြောင်းအလဲတွေ အတော်လေး လုပ်ခဲ့တာပါပဲ။ ကျွန်မတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ ဖြစ်စေမှု ဆိုင်ရာ မူဝါဒမှာ မရည်ရွယ်ဘဲ ကိုယ့်ကိုယ်ကို ထိခိုက်စေမယ့် အခြေ အနေတစ်ခုကို ဦးတည်သွားတာမျိုး၊ ဆွဲဆောင်လိုက်သလိုမျိုး ဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့ ကိုယ့်ကိုယ်ကို လှီးဖြတ်ထားတဲ့ ပုံတွေကို ခွင့်မပြုတော့တဲ့အထိ တင်းကြပ်ခဲ့ပါတယ်။ အခုဆိုရင် ဒီလိုပုံတွေကိုတင်ပြီး တစ်ယောက်ယောက်ဆီက အကူအညီတောင်းတာမျိုး ဒါမှမဟုတ် သူတို့ရဲ့ အခြေအနေ ပြန်ကောင်းလာအောင် လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကို သတိပေးပြသတဲ့ သဘောမျိုးနဲ့တောင် ဒီလိုပုံတွေ တင်လို့ မရနိုင်တော့ပါဘူး။ Instagram ပေါ်မှာတော့ ဒီလို အကြောင်းအရာတွေကို ရှာဖွေဖို့ မလွယ်အောင် လုပ်ထားပြီး ရှာကြည့်လိုက်မယ် ဆိုရင်လည်း စစ်ဆေးထားပြီးသား အကြောင်းအရာတွေကိုပဲ တွေ့ရအောင် ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် ကျွန်မတို့ app တွေပေါ်မှာရှိတဲ့ မူမမှန်တဲ့ စားသောက်မှုပုံစံတွေနဲ့ဆိုင်တဲ့ အကြောင်းအရာ တွေကနေ ဖြစ်လာ နိုင်တဲ့ ရှုပ်ထွေးတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် မူမမှန်တဲ့ စားသောက်မှုပုံစံတွေကို အားပေးထား တာမျိုး ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကိုလည်း ကျွန်မတို့ရဲ့ မူဝါဒအရ တားမြစ်ခဲ့ပါတယ်။ အခုလို ပိုပြီး တင်းကြပ်လိုက်တဲ့ မူဝါဒတွေနဲ့အတူ အထက်ပါ အကြောင်းအရာတွေကို စစ်ဆေးဖယ်ရှားပစ်နေတဲ့အပြင် ဒီလိုမျိုး မူမမှန်တဲ့ စားသောက်မှုပုံစံအကြောင်းတို့၊ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာဖြစ်စေတဲ့အကြောင်းတို့ တင်နေတဲ့သူ တွေကို ကျွန်မတို့ ထောက်ပံ့ကူညီပေးနိုင်တယ်ဆိုတာ ဆက်ပြီး ပေးပို့အကြောင်းကြားနေဆဲပါ။ နောက်ဆုံး မရည်ရွယ်ဘဲ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာဖြစ်စေဖို့ အားပေးတဲ့ ဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့ ကိုယ့်ကိုယ့်ကို နာကျင်အောင် လှီးဖြတ်ထားတဲ့ပုံတွေပေါ်မှာ ဖုံးကွယ်ထားတဲ့အလွှာတစ်ခုအုပ်ပေးပြီးမှပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုလို ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အခါ တန်ဖိုးရှိတဲ့ရလဒ်တွေ ရရှိခဲ့တဲ့ အတွက် ကျွန်မတို့ရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ မူဝါဒအဖွဲ့မှာ အလုပ်လုပ်ဖို့ ကျန်းမာရေးနဲ့ သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေး ကျွမ်းကျင်ပညာရှင်တစ်ဦးကိုလည်း ခန့်အပ်ထားခဲ့ပါတယ်။ သူ့အနေနဲ့ ကျွန်မတို့ရဲ့ app တွေ၊ မူဝါဒတွေကို ကျန်းမာရေးနဲ့ သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေးမှာ အကျိုးပြုနိုင်ဖို့အတွက် သီးသန့် အလေးထား လုပ်ကိုင်သွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာ ဖြစ်စေမှုနဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေ အပါအဝင် ကျွန်မတို့ရဲ့ လူမှုအသိုက်အဝန်းကို ပိုပြီး ပံ့ပိုးကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ လေ့လာသွားမှာ ဖြစ်ပါတယ်။

ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုအကြောင်း လူတွေဘယ်လိုပြောနေကြလဲ ဆိုတာ ကျွန်မတို့ရဲ့ ပလက်ဖောင်းပေါ်ကနေ သိရတဲ့ လူတိုင်းတွေ့နိုင်တဲ့ အချက်အလက်မျိုးတွေကို မျှဝေသွားဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။ အရင်ဆုံး ပညာရပ်ပိုင်းဆိုင်ရာ လေ့လာသူတွေအတွက် လူမှုကွန်ယက် ဆိုင်ရာ စောင့်ကြည့်လေ့လာတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ CrowdTangle ကို ရယူအသုံးပြုနိုင်အောင် ကူညီ ပံ့ပိုးပေးထားပါတယ်။ ဒီနေ့အထိ သတင်းခန်းနဲ့ မီဒီယာထုတ်ဝေသူတွေသာ Facebook ပေါ်မှာဘာတွေဖြစ်နေလဲ ဆိုတာ သိရှိဖို့အတွက် CrowdTangle ကို အဓိကအသုံးပြုခဲ့တာပါ။ ဒါပေမယ့်လည်း ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေ တားဆီးကာကွယ်ရာမှာနဲ့ အထောက်အပံ့ပေးရာမှာ ပိုပြီး တိုးတက် လာအောင် အသုံးချနိုင်တဲ့ အချက်အလက်တွေကို Facebook နဲ့ Instagram ပေါ်မှာ ဘယ်လို မျှဝေနေကြလဲ ဆိုတာ စူစမ်းလေ့လာပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုကို တားဆီးကာကွယ်ဖို့ အလေးပေးဆောင်ရွက် နေတဲ့ လေ့လာသူ နှစ်ဦးအတွက် CrowdTangle ကို ရယူအသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

အလွယ်တကူ ဖွင့်ဟမပြောနိုင်သော စကားများအတွက် ပိုမို လုံခြုံစိတ်ချရသည့် စကားဝိုင်းတစ်ခု ဖြစ်လာခြင်း

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မိမိကိုယ်ကို သေကြောင်းကြံစည်မှုကို ကာကွယ်နိုင်ဖို့ ထိရောက်မှုအရှိဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ သူတို့ကို ဂရုစိုက်တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ် ရှိနေတာပါပဲ။ Facebook က ဒီလိုမျိုး အဆက်အသွယ် မပြတ်ဖို့ ဖန်တီးပေးနိုင်တဲ့နေရာမှာ ထင်ရှားတဲ့ အခန်း ကဏ္ဍတစ်ခုကနေ ပါဝင်နေပြီး ကျွန်မတို့က ဒါကို အဆင့်မြှင့်ပေးတဲ့အနေနဲ့ စိတ်ထိခိုက် ခံစားလွယ်တဲ့ အကြောင်း အရာတွေ ဆွေးနွေးချင်တဲ့သူတွေ အထူးသဖြင့် လူငယ်၊ လူရွယ်တွေအတွက် အကူအညီပေးနိုင်အောင် ပြုလုပ် ပေးနေပါတယ်။

ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလိုမျိုး ခေါင်းစဉ်တွေကို လူငယ်တွေအတွက် ဘေးအန္တရာယ်ကင်းကင်းနဲ့ လေ့လာဆွေးနွေးနိုင်အောင် ကူညီတဲ့အနေနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ဒါမှမဟုတ် ကိုယ်ကိုယ်ကို ထိခိုက်ဒဏ်ရာဖြစ်စေမှု စတဲ့ အကြောင်းအရာတွေကို ရှာဖွေလိုက်တဲ့အခါ Facebook ရဲ့ Safety Center နဲ့ Instagram ပေါ်မှာ နာမည်ကြီး လူငယ်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စင်တာဖြစ်တဲ့ Orygen ကနေ ရေးသားထားတဲ့ စိတ်ချလက်ချ စကားပြောနိုင်မယ့် #chatsafe လမ်းညွှန်ချက်တွေ အပါအဝင် အွန်လိုင်းပေါ်ကနေ လေ့လာနိုင်မယ့် အချက်အလက်တွေ ပေါ်လာအောင် ထပ်ဖြည့်ပေးထားပါတယ်။

#chatsafe လမ်းညွှန်ချက်တွေကို တစ်ခြားတစ်ယောက်က တင်လိုက်တဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ ဆိုင်တဲ့ အကြောင်းအရာအပေါ်မှာ တုံ့ပြန်ဆွေးနွေးပေးချင်တဲ့သူတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုသေကြောင်းကြံဖို့ အတွေးတွေ၊ ခံစားနေရတာတွေနဲ့ တစ်ကယ် ကြိုးစားဖူးခဲ့တဲ့ လုပ်ရပ်တွေအကြောင်း ကိုယ်တွေ့ ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို မျှဝေလိုသူတွေအတွက် အထောက်အပံ့ဖြစ်အောင် လူငယ်တွေနဲ့အတူ ပူးပေါင်းရေးသား ဖန်တီးခဲ့တာပါ။

ကျွန်မတို့ အက်ပလီကေးရှင်းတွေပေါ်က လူတွေကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့ လူ့စွမ်းအား အရင်းအမြစ်တွေ၊ နည်းပညာနဲ့ အခြားလိုအပ်တာတွေ ဆက်ပြီးရင်းနှီးမြုပ်နှံသွားပါမယ်။ ကျွန်မတို့ ဘာတွေကူညီပေးနိုင်လဲဆိုတာ အသေးစိတ် သိရှိနိုင်ဖို့ ကျွန်မတို့ရဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်မှု တားဆီးကာကွယ်ရေး ထောက်ပံ့မှုများ စာမျက်နှာမှာ ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်။

Antigone Davis ၊ Global Head of Safety

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top