လောကကောင်းကျိုးအတွက် တစ်နိုင်ငံလုံးနဲ့ တစ်ယောက် ရင်ဆိုင်ရဲသူ သို့မဟုတ် တရုတ်ဆေးသုတေသနပညာရှင် ရှူပင်းဝမ်

yyl-013-11.jpg

လန်ဒန်မြို့က ဟမ့်စတက်(Hampstead) ဇာတ်ရုံမှာ The King of Hell’s Palace ဆိုတဲ့ ပြဇာတ်တစ်ပုဒ်ကို ဖျော်ဖြေတင်ဆက်နေပါတယ်။ တရုတ်အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကို ပုံဖော်ထားတဲ့ ပြဇာတ်ပါ။ သူ့နာမည်က ရှူပင်းဝမ်ပါ။ လောကကောင်းကျိုးအတွက် သူမှန်မယ်ထင်ရင် တစ်နိုင်ငံလုံးနဲ့ တစ်ယောက် ရင်ဆိုင်ဖို့တောင် ဝန်မလေးတတ်သူပါ။ မှန်မယ်ထင်ရင် အသက်စွန့်ဖို့ ဝန်မလေးသူတွေကပဲ လူသားသမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲပေးခဲ့တာပါ။

တရုတ်နိုင်ငံသူ ရှူပင်းဝမ်ကတော့ ဆေးသုတေသနပညာရှင်တစ်ဦးပါ။ ၁၉၉၁ ခုနှစ်က တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာရှိတဲ့ သွေးရည်ကြည်စုဆောင်းရေးစခန်းမှာ သူ တာဝန်ကျခဲ့ပါတယ်။ အစိုးရ တည်ထောင်ထားတဲ့ သွေးလှူဘဏ်တွေမှာ ဒေသခံတွေက သူတို့သွေးကို ရောင်းချနေကြတဲ့အချိန်ကာလပေါ့။ သွေးရည်ကြည်စုဆောင်းရေးစခန်းကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ သူတို့စခန်းကြောင့် ပြည်သူ့ကျန်းမာရေး အန္တရာယ် ဆိုးဆိုးရွားရွား ကြုံနေတဲ့ အချက်ကို ရှူပင်းဝမ် တွေ့ရှိခဲ့ပါတယ်။

သွေးဖောက်ယူရာမှာ ရောဂါပိုးကူးစက်နိုင်တဲ့ အခြေအနေအပါအဝင် ဘေးကင်းလုံခြုံမှုမရှိတဲ့ လုပ်နည်းလုပ်ဟန်တွေကြောင့် သွေးလှူသူတွေကြားထဲမှာ အသည်းရောင်အသားဝါ စီပိုး ကူးစက်နေတာကို သူ သတိထားမိခဲ့တာပါ။ ဒါကြောင့် သွေးဖောက်ယူပုံ နည်းလမ်းတွေကို အပြောင်းအလဲလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲလုပ်ရင် ကုန်ကျစရိတ် များလွန်းတယ်ဆိုပြီး ရှူပင်းဝမ်ရဲ့ သတိပေးချက်ကို ဥပေက္ခာပြုခဲ့ကြပါတယ်။ ရှူပင်းဝမ်ကတော့ လက်မလျှော့ခဲ့ပါဘူး။ကျန်းမာရေးဝန်ကြီးဌာနကို အစီရင်ခံစာ ရေးတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကူးစက်နိုင်ခြေ လျှော့ချဖို့အတွက် သွေးလှူသူအားလုံး အသည်းရောင်အသားဝါ စီပိုး စစ်ဆေးမှုခံယူရမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါက လူထောင်သောင်းချီ အကျိုးရှိစေခဲ့တဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ ရှူပင်းဝမ်ကတော့ အဲဒီကိစ္စကို ဖော်ကောင်လုပ်မိလို့ ဂုဏ်ပြုမခံရတဲ့အပြင် ဌာနပြောင်းခဲ့ရပါတယ်။ ရှူပင်းဝမ်ရဲ့လုပ်ရပ်က သွေးစုဆောင်းရေးလုပ်ငန်းကို ကဖျက်ယဖျက်လုပ်ရာရောက်တယ်လို့ စီနီယာတွေက စွပ်စွဲခဲ့ပါတယ်။ ကျန်းမာရေးဗျူရိုထံ ပြောင်းရွှေ့ခံခဲ့ရတဲ့ ရှူပင်းဝမ်ဟာ ၁၉၉၅ ခုနှစ်မှာ နောက်ထပ် အရှုပ်တော်ပုံတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပြန်ပါတယ်။

HIV ဗိုင်းရပ်စ်ရှိနေသူတစ်ယောက်က သွေးလှူဘဏ် (၄)ခုမှာ သွေးရောင်းခဲ့တာကို ရှူပင်းဝမ် သိရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် ချက်ချင်းဆိုသလိုပဲ ဟီနန်ပြည်နယ်က သွေးရည်ကြည်စုဆောင်းရေး စခန်းအားလုံးမှာ HIV စစ်ဆေးကြဖို့ ရှူပင်းဝမ်က သူ့ရဲ့ အထက်အရာရှိတွေကို တင်ပြခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကုန်ကျစရိတ် များလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ကြုံရပါတယ်။

လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ ရှူပင်းဝမ်က HIV စစ်ဆေးတဲ့ ကိရိယာတွေကို သူ့ပိုက်ဆံနဲ့သူ ဝယ်ယူခဲ့ပြီး သွေးအလှူရှင်တွေရဲ့ သွေးနမူနာ ၄၀၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ HIV ဗိုင်းရပ်စ် တွေ့ရှိမှု (၁၃)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။သူ့ရဲ့တွေ့ရှိမှုကို ဘေဂျင်းမြို့ အာဏာပိုင်တွေထံ သွားရောက်ပြသခဲ့ပါတယ်။ အဲဒီကနေ ပြန်လာချိန်မှာ ကျန်းမာရေးဗျူရိုရဲ့ အငြိမ်းစားအရာရှိတစ်ယောက်က သူ့ရဲ့ HIV စမ်းသပ်ရေးစင်တာကို ရောက်လာပြီး သူ့ပစ္စည်းကိရိယာတွေကို ရိုက်ခွဲခဲ့ပါတယ်။ အဲဒီလိုမလုပ်ဖို့ ဝင်တားတဲ့ ရှူပင်းဝမ်ကိုလည်း တုတ်နဲ့ ရိုက်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ တရုတ်နိုင်ငံတစ်ဝန်းမှာရှိတဲ့ သွေးနဲ့ သွေးရည်ကြည်စုဆောင်းရေးစခန်းအားလုံးကို ပြင်ဆင်မွမ်းမံဖို့ ပိတ်သိမ်းခဲ့ပြီး ပြန်ဖွင့်ချိန်မှာတော့ HIV ဗိုင်းရပ်စ်စစ်ဆေးမှုကို ထည့်သွင်းခဲ့ပါတယ်။

” ကျွန်မအလုပ်က ဆင်းရဲနွမ်းပါးသူတွေကို ကာကွယ်ပေးနိုင်ဖို့ပါပဲ။ ဒီလိုလုပ်ပေးလို့ ကျွန်မ အရမ်းဝမ်းမြောက်မိပါတယ်”လို့ ရှူပင်းဝမ်က ဆိုပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်ကို မကျေနပ်တွေသူတွေ ရှိခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ ကျန်းမာရေးအစည်းအဝေးတစ်ခုမှာ ထိပ်တန်းအရာရှိတစ်ယောက်က ဒီကိစ္စကို ဒေါသတကြီး ထုတ်ပြောခဲ့ပါတယ်။

” ခရိုင်ကျန်းမာရေးစစ်ဆေးမှုစင်တာမှာ အလုပ်လုပ်တဲ့လူက HIV ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဗဟိုအစိုးရဆီ တိုက်ရိုက်အစီရင်ခံစာ တင်ရဲတယ်ပေါ့။ အဲဒီကောင် ဘယ်သူလဲ။ မင်းက ဘယ်လောက်သတ္တိကောင်းနေလို့ အစီရင်ခံစာတင်ရဲတာလဲ”လို့ သူက ငေါက်ငမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ရှူပင်းဝမ်က မတ်တပ်ရပ်ပြီး ”ကျွန်မက ယောကျ်ားတစ်ယောက်မဟုတ်ပါဘူး။ မိန်းမတစ်ယောက်ပါ။ အစီရင်ခံစာကို ကျွန်မ တင်တာပါ”လို့ ပြောခဲ့ပါတယ်။

နှစ်ကုန်ပိုင်းမှာတော့ ကျန်းမာရေးဌာန အရာရှိတွေက ရှူပင်းဝမ်ကို အလုပ်ထွက်ဖို့ ပြောခဲ့ကြပါတယ်။ ရှူပင်းဝမ်ရဲ့ ခင်ပွန်းက ကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်လုပ်သူပါ။ ရှူပင်းဝမ်ကြောင့် ဌာနမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ယောကျာ်းကိုပါ ဝိုင်းကျဉ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့အိမ်ထောင်ရေးပြိုကွဲသွားခဲ့ပါတယ်။ လူသားတွေကောင်းကျိုး ရှေးရှုလုပ်ဆောင်ခဲ့သူတစ်ယောက် ပြန်ရခဲ့တာကတော့ ဆုလာဘ်ကတော့ အလုပ်လည်းပြုတ်၊ အိမ်ထောင်လည်းကွဲ၊ မွေးရပ်မြေကိုပါ စွန့်ခွာသွားခဲ့ရတာပါပဲ။

၂၀၀၁ ခုနှစ်မှာတော့ ရှူပင်းဝမ်က အမေရိကန်ကို အလုပ်သွားလုပ်ခဲ့ပါတယ်။ အဲဒီမှာ ”နေခြည်(Sunshine)”ဆိုတဲ့ အင်္ဂလိပ်နာမည် ပြောင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ရှူပင်းဝမ် ရောက်သွားတဲ့နှစ်မှာပဲ တရုတ်နိုင်ငံ အလယ်ပိုင်းမှာ AIDS ရောဂါကပ်ဘေးဆိုက်မှု ဆိုးဆိုးရွားရွား ကြုံနေတာကို တရုတ်အစိုးရက ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒေသခံသွေးလှူဘဏ်တွေမှာ သွေးရောင်းခဲ့သူ သန်းတစ်ဝက်ကျော် ရောဂါကူးစက်ခံခဲ့ရဖွယ်ရှိပါတယ်။ ရှူပင်းဝမ်အလုပ်လုပ်ခဲ့တဲ့ ဟီနန်ပြည်နယ်ကတော့ ရောဂါကူးစက်မှု အဆိုးရွားဆုံးပြည်နယ်စာရင်းမှာ ပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်အစိုးရက AIDS နဲ့ ဆက်နွှယ်ပြီး ဝေဒနာခံစားရသူတွေကို ကုသစောင့်ရှောက်ဖို့ အထူးဆေးရုံတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

နှစ်တော်တော်ကြာချိန်မှာတော့ ရှူပင်းဝမ်က နောက်အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂါရီခရစ္စတင်ဆန်နဲ့အတူ ဆော့လိတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူက ယူတားတက္ကသိုလ်မှာ ဆေးသုတေသနပညာရှင်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ နှစ်ကာလတွေ ကြာမြင့်ပြီး မွေးရပ်မြေကို တစ်ခေါက်မှ မပြန်ဖြစ်ခဲ့ပေမဲ့ ရှူပင်းဝမ်ရဲ့ အတိတ်အရိပ်က သူ့နောက်ကို လိုက်နေတုန်းပါပဲ။ သူ့ဘဝအကြောင်း ထင်ဟပ်ပုံဖော်ထားတဲ့ ပြဇာတ်ထုတ်လုပ်မှုကို မရပ်တန့်ရင် ဟီနန်ပြည်နယ်က ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီ လာလည်ခွင့်မပေးဘူးလို့ တရုတ်နိုင်ငံ လုံခြုံရေးအရာရှိတွေက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရှူပင်းဝမ်ကတော့ ခြိမ်းခြောက်မှုကို အညံ့မခံခဲ့ပါဘူး။ ပြဇာတ်ရုံတင်နိုင်အောင် ဆက်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ၊ မိတ်ဆွေတွေနဲ့အတူ ဆော့လိတ်မြို့မှာ တောကြမ်းခရီးနှင်နေတုန်း ရှူပင်းဝမ် သေဆုံးသွားခဲ့ပါတယ်။ နှလုံးဖောက်ပြီး သေဆုံးခဲ့တာလို့ ယူဆထားကြပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၅၉ နှစ်ရှိနေပါပြီ။ အဲဒီပြဇာတ်မှာတော့ ရှူပင်းဝမ်ကို ”ပြည်သူ့ကျန်းမာရေးသူရဲကောင်း”လို့ တင်စားခဲ့ပါတယ်။ တကယ်လည်း ရှူပင်းဝမ်က အဲဒီစကားလုံးနဲ့ ထိုက်တန်သူပါ။

Ref:BBC

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top