ကြိုးဝိုင်းထဲမှာ ငါရှုံးမှာပဲလို့ မတွေးဖူးသူ ဆိုရိစ်နဲ့ ကမ္ဘောဒီးယားမိုဟာမက်အလီရဲ့သမီး အဲယာနက်စ်

wlc.png

သြဂုတ်လ (၂) ရက်နေ့ကျရင် မန္တလေးမြို့ မန္တလာသီရိအားကစားရုံမှာကျင်းပမယ့် WLC-9 လက်ဝှေ့ပြိုင်ပွဲကတော့ စိတ်လှုပ်ရှားစရာတွဲဆိုင်းတွေနဲ့ စောင့်ကြိုနေပါတယ်။ အမျိုးသားတွဲဆိုင်းတွေနဲ့မခြား စိတ်ဝင်စားစရာဖြစ်နေတာကတော့ ပြင်သစ်နိုင်ငံသူ ဆိုရိစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံသူ အဲယာနက်တို့ တွဲဆိုင်းပါပဲ။ WLC က သူတို့ (၂) ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ရိုးရာလေးပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

WLC နဲ့အတူ ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲစတင်ဝင်ရောက်လာမယ့် ဆိုရိစ်မန်ဖရက်ဒီကို တွေ့ဆုံမေးမြန်းခြင်း

ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖရက်ဒီ

မေး – လက်ဝှေ့ထိုးသတ်ရမှာနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးမျိုးဖြစ်လဲ။

ဖြေ – ကိုယ်ခံပညာအားကစားပွဲတွေ ကျွန်မစယှဉ်ပြိုင်ခဲ့ကတည်းက လက်ဝှေ့ထိုးချင်ခဲ့တာဆိုတော့ နှစ်နည်းနည်းကြာပါပြီ။ ဒီအခွင့်အရေးက အိပ်မက်တစ်ခု တကယ်ဖြစ်လာတာပါပဲ။ လက်အိတ်မပါဘဲ ခေါင်းတိုက် ခေါင်းရိုက်နိုင်တာက တိုက်ခိုက်ရေးစိတ်ဓာတ်အစစ်အမှန်ကို ရစေပါတယ်။
အဲဒီလို လုပ်နိုင်တော့မယ့်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။

မေး – WLC က ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး လက်ဝှေ့မယ်တွေထွက်ပေါ်မယ့် ပလက်ဖောင်းတစ်ခုဖန်တီးချင်နေတယ်။ အဲဒါကို ဘယ်လိုထင်လဲ။ ပြီးတော့ အမျိုးသမီးတန်းမှာ ထိပ်တန်းအဖြစ် ရပ်တည်နိုင်မယ်ထင်လား။

ဖြေ – နိုင်ငံတကာအဆင့်အဖွဲ့အစည်းကောင်းက အမျိုးသမီးတန်းတစ်ခုစတင်ပြီးတော့ ကျွန်မတို့ရဲ့ကြိုးဝိုင်းတွင်းစွမ်းဆောင်ရည်ကို အသိအမှတ်ပြုလိုက်တယ်။ ဒီလိုအတန်းတစ်ခုဖြစ်လာလို့ ကျွန်မတကယ်ဂုဏ်ယူတယ်၊ ပျော်တယ်၊ စိတ်တက်ကြွတယ်။ ကျွန်မလက်စွမ်းပြချင်တယ်။

မေး – ခင်ဗျားရဲ့အားသာချက်နဲ့ အားနည်းချက်တွေက ဘာတွေလဲ။

ဖြေ – ကျွန်မအားနည်ချက်ကိုတော့ ပြိုင်ဘက်သိအောင် ထုတ်မပြောချင်ပါဘူး။ ကျွန်မအားသာချက်ကတော့ တံတောင်ရိုက်ချက်တွေပေါ့။ အခုတော့ ခေါင်းတိုက်၊ ခေါင်းရိုက်တာကို များများလေ့ကျင့်နေတယ်။ အဲဒါကို သတ်ကွက်အဖြစ်သုံးချင်တယ်။

မေး – ပထမဆုံးပြိုင်ဘက်က ကမ္ဘောဒီးယားက အဲယာနက်နော်။ သူနဲ့ တွဲပေးတာကို ဘယ်လိုမြင်လဲ။

ဖြေ – သူ့ထိုးလုံးသတ်ပေါက်ကို ကျွန်မလေ့လာနေတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို လေ့လာတာတစ်ခုတည်း ကျွန်မအာရုံစိုက်မှာမဟုတ်ဘူး။ ကျွန်မရည်ရွယ်ချက်က ပွဲအတွင်းမှာ သူမမြင်ဖူးတဲ့ လက်ဝှေ့နည်းစနစ်တွေ ပြဖို့ပဲ။

မေး – လက်ဝှေ့နဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေကကော။ ပထမဆုံး အမျိုးသမီးလက်ဝှေ့ချန်ပီယံဖြစ်လာမယ်လို့ ထင်လား။

ဖြေ – ကြိုးဝိုင်းထဲကို ငါရှုံးမှာပဲဆိုတဲ့အတွေးနဲ့ တစ်ခါမှ မဝင်ဖူးဘူး။ နိုင်ပွဲတွေဆက်ချင်တယ်။ အရေးကြီးတာက အဲဒါပဲ။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ဒါပေမဲ့ ကျွန်မကို ပရိသတ်သဘောကျအောင် အရင်လုပ်ပြီး ချန်ပီယံဖြစ်ချင်တယ်။

နိုင်ငံ – ပြင်သစ်
အသက် – ၃၀
အရပ်အမြင့် – ၅ ပေ ၅ လက်မ
ကိုယ်အလေးချိန် – ၅၅ ကီလို
ထိုးသတ်ခဲ့သည့်ပွဲ – ၂၈ ပွဲ

ကမ္ဘောဒီးယားလက်ဝှေ့မယ်အဲယာနက်နဲ့ တွေ့ဆုံမေးမြန်းခြင်း

ကမ္ဘောဒီးယားလက်ဝှေ့မယ် အဲယာနက်စ်

မေး – မင်္ဂလာပါ အဲယာနက်။ WLC နဲ့ စာချုပ်ချုပ်နိုင်ခဲ့တာ ဝမ်းသာပါတယ်။ WLC ကကျင်းပတဲ့ပွဲတွေ ကြည့်ဖူးလား။ မြန်မာ့လက်ဝှေ့ထိုးသတ်ရမယ့်အပေါ် သဘောထားကကော။

ဖြေ – WLC စကတည်းက ကျွန်မမလွတ်တမ်းကြည့်ဖြစ်ခဲ့ပါတယ်။ မြန်မာ့လက်ဝှေ့ထိုးသတ်ခွင့်လည်း လိုချင်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ အခြေအနေနည်းနည်းပြောင်းသွားခဲ့ပါတယ်။ အမှန်တော့ ကျွန်မက WLC ရဲ့ပထမဆုံးအမျိုးသမီးပွဲစဉ် (၂၀၁၈) မှာ ပါဝင်ခဲ့ရမှာဖြစ်ပေမယ့် မကစားဖြစ်ခဲ့ပါဘူး။ နူဆရီပေါ့ဗ်ကတော့ အရမ်းအောင်မြင်နေပါတယ်။ အခုတော့ ကျွန်မအခွင့်အရေးရပါပြီ။

မေး – ခင်ဗျားက ဘယ်မှာနေလဲ။ ကိုယ်ခံပညာရပ်ကို ဘယ်လိုလိုက်စားဖြစ်သွားတာလဲ။

ဖြေ -ကျွန်မကို ခွန်ခမာမိသားစုတစ်ခုက ဖနွမ်းပင်မှာ မွေးဖွားခဲ့တာပါ။ ကျွန်မအဖေက အဲပူတောင်းပါ။ အဖေက ကမ္ဘောဒီးယား ခွန်ခမာလက်ဝှေ့အတွက်တော့ မိုဟာမက်အလီပါပဲ။ ဂန္ထဝင်တစ်ယောက်ပေါ့။ ထာဝရအကောင်းဆုံးတောင် ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေနဲ့ အစ်ကိုတွေ၊ မောင်တွေကလည်း ဖိုက်တာတွေချည်းပါပဲ။ ကျွန်မတို့က တိုက်ခိုက်ရေးအားကစားမိသားစုပါ။

မေး – WLC က ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဖိုက်တာတွေရင်ဆိုင်နိုင်ကြဖို့ ပလက်ဖောင်းတစ်ခု ဖန်တီးချင်နေတယ်။ အဲဒါကို ဘယ်လိုထင်လဲ။ ဒီအစီအစဉ်မှာ ခင်ဗျားက ထိပ်တန်းဖြစ်လာမယ်လို့ တွေးထားလား။

ဖြေ – ဒါမျိုးက ကျွန်မတို့ အမျိုးသမီးဖိုက်တာတွေ စောင့်နေတာကြာပြီဖြစ်တဲ့ အခွင့်အရေးပါ။ အခုလိုပလက်ဖောင်းမျိုး ဖန်တီးပေးတဲ့ WLC ကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့လေ့ကျင့်ဖက် နူဆရီပေါ့ဗ် (၂၀၁၈ WLC အကောင်းဆုံးအမျိုးသမီးဖိုက်တာ) နဲ့ အကောင်းဆုံးလေ့ကျင့်ပြီး အမျိုးသမီးတန်းမှာ ကမ္ဘောဒီးယားထိပ်တန်းဖြစ်အောင် ကြိုးစားမယ်။

မေး – ခင်ဗျားရဲ့ အားသာချက်၊ အားနည်းချက်တွေကကော။

ဖြေ – ကျွန်မရဲ့အားသာချက်က အတွေ့အကြုံနဲ့ မာဂုဏ်ပါ။ ကျွန်မက ရှုံးရမှာကြောက်တယ်။ အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။

မေး – ပထမဆုံးပြိုင်ဘက်က ပြင်သစ်သူ ဆိုရိစ်မန်ဖရက်ဒီနော်။ သူနဲ့တွဲပေးတာကို ဘယ်လိုမြင်လဲ။

ဖြေ – သူ့အကြောင်းတော့ ကျွန်မသိပ်မသိပါဘူး။ ဒါပေမဲ့ သူ့ဗီဒီယိုတွေကြည့်ပြီး သူက ဖိုက်တာကောင်းတစ်ယောက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မအတွေ့အကြုံနဲ့ ကျွန်မလက်ရည်ကို ပေါင်းစပ်ပြီး အနိုင်ယူပြပါမယ်။ ခေါင်းတိုက်၊ ခေါင်းရိုက်တာတွေပါ ပါပါလိမ့်မယ်။

မေး – လက်ဝှေ့နဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေကကော။ ပထမဆုံးအမျိုးသမီးလက်ဝှေ့ချန်ပီယံ ဖြစ်လာမယ်လို့ ထင်လား။

ဖြေ – WLC ရဲ့အမျိုးသမီးလက်ဝှေ့ချန်ပီယံဘွဲ့ကို ပထမဆုံးရမယ့်သူက ကမ္ဘောဒီးယားနိုင်ငံသူပဲဖြစ်မှာပါ။ အဲဒီတစ်ယောက်က ကျွန်မပဲဖြစ်ချင်ပါတယ်။

နိုင်ငံ – ကမ္ဘောဒီးယား
အသက် – ၁၉ နှစ်
အရပ်အမြင့် – ၅ ပေ ၅ လက်မ
ကိုယ်အလေးချိန် – ၅၅ ကီလို
ထိုးသတ်ခဲ့သည့်ပွဲ – ၄၈ ပွဲ

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top