နယူးယောက်ကို အသက်ရှုစက်နဲ့ Mask တွေ လှူဒါန်းခဲ့တဲ့ ဘီလျံနာ ဂျိုချိုက်

6-4-2020-yyl-009.jpg

တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်စီးပွားရေး Alibabaရဲ့တွဲဖက်တည်ထောင်သူလည်းဖြစ်၊ အမေရိကန်နိုင်ငံရဲ့ဘတ်စကတ်ဘောအသင်း Brooklyn Nets ပိုင်ရှင်လည်းဖြစ်တဲ့ ဘီလျံနာ ဂျိုချိုက်နဲ့ သူ့ဇနီး ကလာရာ ဝူချိုက်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို mask (၂.၆) သန်း၊ လေကာနေကာမျက်မှန် (၁၇၀,၀၀၀) နဲ့ အသက်ရှုစက်(၂၀၀၀) တို့ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီလှူဒါန်းပစ္စည်းတွေကို လေကြောင်းလမ်းနှစ်ခုခွဲပြီး ပို့ဆောင်ခဲ့ပါတယ်။ ပထမတစ်ခုက Newark Liberty International Airport ကို ကြာသပတေးနေ့က ရောက်ရှိခဲ့ပြီး ဒုတိယတစ်ခုက John F.Kennedy International Airport ကို စနေနေ့က ရောက်ရှိခဲ့တာပါ။ “ကျွန်မတို့ရဲ့အဖွဲ့အစည်းကနေ အကာအကွယ်ပစ္စည်းတွေလိုအပ်နေတာကို ကြားနေရပါတယ်။ ကူညီချင်ခဲ့ပါတယ်။ နိုင်ငံက ဒုတိယလေကြောင်းပို့ဆောင်မှု ကနေရရှိတဲ့ပစ္စည်းတွေကို ခွဲဝေပေးအပ်မှာဖြစ်ပါတယ်။ ပစ္စည်းနည်းနေတဲ့နေရာတွေကို ကူညီဖို့က ကျွန်မတို့ရဲ့ရည်ရွယ်ချက်ပါပဲ” လို့ ကလာရာ ချိုက်က ပြောပါတယ်။

သူမက The Bronx စီရင်စုမှာရှိတဲ့ Jacobi Medical Center၊ Lincoln Medical Center တို့နဲ့ Queens မှာရှိတဲ့ Elmhurst Hospital တို့မှာ လှူဒါန်းခဲ့တာပါ။ ဒီဆေးရုံတွေက ပစ္စည်းတွေကို ပိုပြီးလိုအပ်မယ်လို့ သူနဲ့သူ့ခင်ပွန်းတို့က တွေးခဲ့တဲ့အတွက်ကြောင့်ပါ။ နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူး ကိုမိုကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်အတွင်းမှာ လှူဒါန်းမှုတွေကို ပြောပြပါတယ်။ “ကျွန်တော် Alibaba က ဂျို ချိုက်၊ ကလာရာချိုက်၊ ဂျက်မားတို့ကို ကျေးဇူးတင်ချင်ပါတယ်။ ဒါက ကြီးမားတဲ့အရာပါပဲ။ ကျွန်တော်တို့အတွက် သိသိသာသာပြောင်းလဲမှု ဖြစ်တော့မှာပါ” လို့ သူက ပြောပါတယ်။

နယူးယောက်မြို့နဲ့ နိုင်ငံတော်တော်များများက ဆေးရုံတွေက ဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်တဲ့ အသက်ရှုစက်၊ mask နဲ့ အခြားအကာအကွယ်ပစ္စည်းတွေ လုံလုံလောက်လောက်ရှိဖို့ ကြိုးစားနေကြရပါတယ်။ အဲဒါကြောင့် ဂျို ချိုက်နဲ့ သူ့ဇနီးတို့က နယူးယောက်အဖွဲ့အစည်းတွေကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

သူတို့လင်မယားနှစ်ယောက်က ပထမလေကြောင်းပို့ဆောင်မှုမှာ ပါဝင်တဲ့ပစ္စည်းတွေကို ဖြန့်ဝေဖို့ Greater New York Hospital Association နဲ့ အတူ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီပို့ဆောင်မှုမှာ ဘိုးဘွားရိပ်သာ (၁၁) ခုကို ပို့ဆောင်မယ့် ခွဲစိတ်ခန်းသုံး mask (၃၀၀,၀၀၀) ၊ Columbia Presbyterian Hospital နဲ့ဘိုးဘွားရိပ်သာ (၁၁) ခုကို လှူဒါန်းမယ့် ဆေးဘက်ဆိုင်ရာသုံးအကာအကွယ်မျက်မှန် (၇၀,၀၀၀) နဲ့ Mount Sinai Hospital ကို လှူဒါန်းမယ့် အသက်ရှုစက် (၁,၀၀၀) ပါဝင်ပါတယ်။

ဒုတိယလေကြောင်းပို့ဆောင်မှုက ပစ္စည်းတွေကို ခွဲဝေပေးဖို့ ပြည်နယ်တွေကို ခွင့်ပြုပေးထားပါတယ်။ အဲဒီမှာ ခွဲစိတ်ခန်းသုံး mask (၁) သန်း၊ KN95 mask တွေ၊ ဆေးဘက်ဆိုင်ရာသုံးအကာအကွယ်မျက်မှန် (၁၀၀,၀၀၀) နဲ့ အသက်ရှုစက် (၁,၀၀၀) တို့ ပါရှိပါတယ်။

ဂျို ချိုက်က ကနေဒါ-တရုတ်စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမားဖြစ်ပြီး Brooklyn Nets basketball team နဲ့ Brooklyရဲ့ Barclays Center အားကစားခန်းမတို့ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူနဲ့အတူတူ Alibaba ကို တွဲဖက်တည်ထောင်သူ ဂျက်မားဟာ မတ်လတုန်းက mask နဲ့ ဆေးဝါးတွေကို ခွဲဝေလှူဒါန်းထားပြီးပါပြီ။

Ref: Billionaire Brooklyn Nets owner Joe Tsai donates ventilators and masks to New York

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top