အသက် ၇၀ ရှိပြီဖြစ်ပေမဲ့ ပေါ့ပါးသွက်လက်နေဆဲ ဟောင်ကောင်အက်ရှင်ဗီလိန်မင်းသားကြီး

12-12-2022-yyl-02.jpg

ဂျက်ကီချမ်း၊ ဆမ်မိုဟောင်းတို့နဲ့အတူ ဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ ယွမ်ဟွာကလည်း ၁၉၈၀ ပြည့်နှစ်မှာ လူသိများခဲ့တဲ့ ဟောင်ကောင်အက်ရှင်မင်းသားတစ်ယောက်ပါပဲ။ ဟောင်ကောင်အက်ရှင်ဇာတ်ကားတွေကို ကြည့်ကြတဲ့သူတွေကတော့ သူ့ကို မြင်ရင် မှတ်မိကြမှာပါ။ သူဟာ အက်ရှင်ကားတွေမှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တာများပါတယ်။

ကိုယ်ခံပညာကြယ်ပွင့်နဲ့ အက်ရှင်ပြကွက်ဖန်တီးသူဖြစ်တဲ့ ယွမ်ဟွာက Fist of Fury နဲ့ Enter the Dragon ဇာတ်ကားတွေမှာ ဘရုစလီရဲ့စတန့်သမားအဖြစ် လုပ်ကိုင်ရင်း သူ့ရဲ့အနုပညာအလုပ်ကို စတင်ခဲ့တာပါ။ သူ့ရဲ့အနုပညာသက်တမ်း နှစ် ၅၀ အတွင်း ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲပေါင်း ၉၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း သူဟာ ဇာတ်ကားရိုက်ကြဲသွားပါတယ်။ ၂၀၂၁ ခုနှစ်ကတော့ Marvel ရဲ့ Shang Chi and The Legend of the 10 Rings မှာ ပါဝင်ထားပါတယ်။

အခု ယွမ်ဟွာက အသက် ၇၀ ရှိနေပါပြီ။ ပေါ့ပါးသွက်လက်နေဆဲဖြစ်တယ်ဆိုတာကို မကြာသေးခင်က လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုက ပြသနေပါတယ်။ ကိုယ်ခံပညာအားကစားရုံတစ်ခုမှာ ယွမ်ဟွာက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားပြနေတာကို အဲဒီဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဆံပင်စည်းထားတဲ့ သူဟာ kip up လို့ ခေါ်တဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တာပါ။ အရင်ဆုံး သူဟာ ကော်ဇောပေါ် လှဲချခဲ့တယ်။ ပြီးတော့ သူ့ရဲ့ဒူး (၂) ဖက်ကို ခေါင်းကိုထိအောင်လုပ်ပြီး ကြမ်းပြင်ကနေ ပြန်ကန်ထွက်ကာ မတ်ထတ်ရပ်ပြခဲ့တာပါ။

လူမှုကွန်ယက်အသုံးပြုသူတွေက ယွမ်ဟွာရဲ့ကြံ့ခိုင်မှုနဲ့ သွက်လက်ချက်ချာမှုကို မြင်ပြီး အရမ်းသဘောကျခဲ့ကြပါတယ်။ “သူ တကယ်ကြီးလုပ်ခဲ့တာလား”၊ “အခုလိုခါးကွေးဆန့်မှုနဲ့ ဘရုစလီဟာ သူ့ကို စတန့်သမားအဖြစ် သုံးခဲ့တာ အံ့ဩစရာတော့မဟုတ်ပါဘူး”၊ “ကျွန်တော် အသက် ၁၈ နှစ်ပဲရှိသေးတယ်။ အဲဒီလိုမျိုး မလုပ်နိုင်ဘူး”လို့လည်း ရေးသားခဲ့ကြပါတယ်။

အခု ယွမ်ဟွာက သူ့ဇနီး၊ ကလေးတွေနဲ့အတူ ကနေဒါမှာ နေထိုင်နေပါတယ်။

Ref: 8daysSingapore “HK Action Star Yuen Wah, 70, Impresses Netizens With His Agility”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top