ပုံစံတူဖြစ်ရပ်နဲ့ လူဝံ ၂ ကောင်ရဲ့ မတူညီတဲ့ အဆုံးသတ်

9-15-2022-yyl-20.jpg

၃ နှစ်သားအရွယ် ကောင်လေးတစ်ယောက်က တိရစ္ဆာန်ရုံမှာ နံရံပေါ် ကျော်တက်ရင်း ၂၄ ပေအမြင့်ကနေ လူဝံလှောင်ချိုင့်ထဲ ပြုတ်ကျသွားတယ်။ လူဝံမကြီးက ကောင်လေးဆီ တစ်လှမ်းချင်း လျှောက်လာနေလို့ ဆူသံအော်သံတွေ ပွက်ပွက်ညံပြီး လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။အဲဒီအချိန်မှာပဲ လူဝံမကြီးက ကောင်လေးကို ကောက်ချီပြီး ဆေးအဖွဲ့ဝင်တွေ စောင့်နေတဲ့နေရာနားမှာ ချထားပေးလိုက်တော့ လူတွေ အံ့အားသင့်ကုန်တယ်။

ကောင်လေး ပြုတ်ကျသွားချိန်မှာ လူဝံလှောင်ချိုင့်ထဲ တခြားလူဝံ ၆ ကောင်လည်း ရှိနေတာဆိုတော့ ရန်ပြုခဲ့မယ်ဆိုရင် ကောင်လေး အသက်ရှင်ဖို့ လမ်းမမြင်ဘူး။ ဒါပေမဲ့ ၈ နှစ်အရွယ် လူဝံမကြီး ဘင်တီဂျူအာက ကောင်လေးကို အသက်ကယ်ပေးခဲ့တယ်။ ဘင်တီဂျူအာရဲ့ ကျောပေါ်မှာ ၁၇ လအရွယ် သမီးလေးလည်း ရှိနေလို့ သူက မိခင်စိတ်ပြသပြီး ကောင်လေးအသက်ကို ကယ်ပေးခဲ့ကြတာလို့ သုံးသပ်ကြတယ်။

ဘင်တီဂျူအာရဲ့သတင်းက တမဟုတ်ချင်း ပျံ့နှံ့သွားပြီး သူ့ကို လာကြည့်သူတွေ တဖွဲဖွဲ ရောက်လာကြတယ်။ တိရစ္ဆာန်ရုံကလည်း သူ့ကို စားကောင်းသောက်ဖွယ်တွေ ကျွေးပြီး သူ့ရဲ့ အပြုအမူကို လေ့လာမှုတွေ လုပ်ခဲ့ကြတယ်။

ဒီဖြစ်ရပ်ကတော့ ၁၉၉၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က အီလီနွိုက်စ်ပြည်နယ် ဘရွတ်ဖီးလ်တိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီဖြစ်ရပ်အပြီး နှစ် ၂၀ အကြာ ( ၂၀၁၆ ခုနှစ် မေလ ၂၈ ရက်) အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တိရစ္ဆာန်ရုံနဲ့ ရုက္ခဗေဒဥယျာဉ်မှာ လူဝံလှောင်ချိုင့်ထဲကို ကလေးတစ်ယောက် ပြုတ်ကျခဲ့တယ်။ လူဝံနာမည်က ဟာရမ်ဘီပါ။ ဒီတစ်ကြိမ်မှာတော့ တိရစ္ဆာန်ရုံဝန်ထမ်းက ကလေးရဲ့အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပြီး ဟာရမ်ဘီကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ဒါဟာ တကယ့်ကို အငြင်းပွားစရာကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဟာရမ်ဘီအတွက် စိတ်မကောင်းဖြစ်သူတွေက သီချင်းတွေ စပ်၊ ရုပ်တုတွေ ထုပြီး ပုံစံမျိုးစုံနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ခဲ့ကြပါတယ်။

Ref: Binti Jua and Harambe

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top