လက်မှာရေးထားတဲ့ဖုန်းနံပါတ်လေးနဲ့ ဆလိုဗက်ကီးယားနယ်စပ်ကို တစ်ယောက်တည်း မိုင် ၆၀၀ ခရီးနှင်ခဲ့တဲ့ ၁၁ နှစ်သားယူကရိန်းဒုက္ခသည်လေး

3-3-2022-yyl46.jpg

အသက် ၁၁ နှစ် အရွယ်ကလေးလေးတစ်ယောက်ဟာ အရှေ့တောင်ဘက်ပိုင်း ယူကရိန်းကနေ ဆလိုဗက်ကီးယားနယ်စပ်သို့ မိုင် ၆၀၀ ကျော်ခရီးကို သူတစ်ယောက်တည်း သတ္တိရှိစွာနဲ့ ခရီးနှင်လာခဲ့ပါတယ်။ သူနဲ့အတူ ပလတ်စတစ်အိတ်တစ်အိတ်၊ ပတ်စပို့ပဲ ပါလာပြီး သူ့ရဲ့လက်ပေါ်မှာ ဖုန်းနံပါတ်တစ်ခုကိုလည်း ရေးသားထားပါတယ်။ သူ့ရဲ့မိခင်ကတော့ ပြီးခဲ့တဲ့အပတ်က ရုရှားတပ်တွေက ဓာတ်ပေါင်းဖိုကို တိုက်ခိုက်ခဲ့တဲ့ ဇာပိုရေးဇီးယားမှာ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်က စေတနာ့ဝန်ထမ်းတွေဟာ စာတိုတစ်စောင်နဲ့ ကလေးရဲ့လက်မှာရေးထားတဲ့ဖုန်းနံပါတ်ကြောင့် ဆလိုဗစ်ကီးယားက ကလေးလေးရဲ့ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်လုပ်နိုင်ခဲ့ပါတယ်။

ဆလိုဗက်ကီးယား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဟီးရိုးလေးကို သူ့ရဲ့အပြုံး၊ မကြောက်ရွံ့တဲ့စိတ်ဓာတ်တွေအတွက် ချီးကျူးခဲ့ပါတယ်။ “စေတနာ့ဝန်ထမ်းတွေက ကလေးလေးကို စောင့်ရှောက်ကာ အနွေးဓာတ်ပေးထားပြီး နောက်ထပ်ခရီးအတွက် သူတို့ထုတ်ပိုးထားတဲ့ အစားအသောက်တွေ ကျွေးမွေးထားတယ်။ ကလေးရဲ့လက်က ဖုန်းနံပါတ်နဲ့ ခါးက စာရွက်လေးတစ်ရွက်ကြောင့် သူ့ရဲ့ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်ခဲ့ပြီး နောက်ပိုင်း ရောက်လာခဲ့ကာ ကောင်းကောင်းမွန်မွန်အဆုံးသတ်ခဲ့တယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ရေးသားထားပါတယ်။


ဒေသတွင်းသတင်းတွေအရ ကလေးလေးရဲ့မိခင်က နေမကောင်းဖြစ်နေတဲ့ ဆွေမျိုးတစ်ဉီးကို ပြုစုစောင့်ရှောက်ဖို့ ယူကရိန်းမှာ နေရစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆလိုဗက်ကီးယားရဲ့မြို့တော် ဘရာတစ်လာဗာမြို့က ကလေးလေးရဲ့ဆွေမျိုးတွေကို အဆက်အသွယ်ရပြီး နာရီပိုင်းအကြာမှာ ဘေးကင်းစွာ ရောက်ရှိသွားခဲ့ပါတယ်။ သူ့ရဲ့မိခင် ဂျူလီယာ ပီဆဲကာ (Júlia Pisecká) က သူ့ရဲ့သားက နယ်စပ်ကို ရထားနဲ့ ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့ ဆလိုဗက်ကီးယားရဲဌာနက တင်တဲ့ ဗီဒီယိုတစ်ခုမှာ ရှင်းပြခဲ့ပါတယ်။

ဗီဒီယိုမှာ “ကျွန်မက မုဆိုးမတစ်ယောက်ဖြစ်ပြီး သားသမီးတွေများပါတယ်။ ကျွန်မရဲ့သားလေးကို စောင့်ရှောက်ပေးပြီး နယ်စပ်ဖြတ်ကျော်ဖို့ ကူညီပေးခဲ့တဲ့ ဆလိုဗက်အကောက်ခွန်နဲ့ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်မရဲ့ကလေးအသက်ကို ကယ်တင်ပေးခဲ့လို့ ကျွန်မ ကျေးဇူးတင်တယ်။ ကျွန်မရဲ့မြို့ဘေးက ရုရှားတွေ ပစ်ခတ်နေတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုပါ။ ကျွန်မရဲ့အမေကို မထားခဲ့နိုင်ဘူး။ အမေက သူ့ဘာသာ မလှုပ်ရှားနိုင်ဘူး။ နှလုံးသားကြီးမြတ်လှတဲ့လူတွေက မင်းတို့ရဲ့နိုင်ငံလေးမှာ နေထိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

၁၁ နှစ်သားလေရဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ဆလိုဗက်ကီးယားမှာ ရောက်ရှိနေခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ ယူကရိန်းနိုင်ငံက မထွက်နိုင်တဲ့ ကလေးလေးရဲ့မိခင်နဲ့ အဘွားကို ကူညီပေးချင်ရင် Association of Christian Youth Fellowships [email protected] ကို ဆက်သွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ရုရှားတပ်တွေက ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ဇာပိုရေးဇီးယားနျူကလီးယားဓာတ်ပေါင်းဖိုကို တိုက်ခိုက်ခဲ့ပြီး သောကြာနေ့အစောပိုင်းမှာ ယူကရိန်းနိုင်ငံရဲ့လျှပ်စစ်ဓာတ်အား ၂၀ ရာခိုင်နှုန်းခန့်ကို ထုတ်လွှတ်စေခဲ့ပါတယ်။ ပူတင်ရဲ့တပ်တွေနဲ့ ယူကရိန်း ကာကွယ်ရေးတပ်တွေကြား ပြင်းထန်တဲ့ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း CCTV မှာ ရိုက်ကူးထားပါတယ်။ ပင်မအဆောက်အအုံအပြင်ဘက်က ခြောက်ထပ်လေ့ကျင့်ရေးအဆောက်အအုံတစ်ခုမှာ မီးပွားတွေစင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားတပ်တွေက အဆောက်အအုံထဲ ဝင်မယ့် မီးသတ်သမားတွေကို နာရီတော်တော်ကြာကြာ ဟန့်တားထားခဲ့ပါတယ်လို့ သိရပါတယ်။

Ref: Dailymail “Brave Ukrainian refugee aged 11 travels 600 miles on his own to Slovakia with just a telephone number written on his hand to reach safety”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top