ဆရာဝန်တွေကို သေနတ်နဲ့ချိန်ပြီး အချိန်ဆွဲခဲ့တဲ့ဖခင်က သားဖြစ်သူရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့

27-6-2022-yyl12.jpg

ဆရာဝန်တွေက သူ့သားကို ဦးနှောက်သေပြီလို့ သတ်မှတ်ပြီး အသက်ကယ်စက် ဖြုတ်ဖို့ ပြင်နေကြပြီ။ ဒါပေမဲ့ သူ့သား ဦးနှောက်သေသွားပြီဆိုတာကို ဂျော့က မယုံဘူး။ သူ့သားကို အချိန်နည်းနည်း စောင့်ကြည့်ပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကိုလည်း ဆေးရုံက လက်မခံဘူး။ ဒီတော့ ဂျော့က အရက်မူးအောင် သောက်၊ သေနတ်ကိုင်ပြီး ဆေးရုံထဲ ဝင်သွားတယ်။ သူ့သားကို တွေ့ခွင့်ပေးပါ၊ အသက်ကယ်စက် မဖြုတ်ကြနဲ့ဦးလို့ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့တာပေါ့။

သူ့သားက အရင်ကလည်း အတက်ရောဂါ ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒီတော့ သူ့သား အသက်ရှင်နေသေးတယ်လို့ သူ တထစ်ချ ယုံတယ်။ ဆေးရုံထဲ သူ ယူလာတဲ့သေနတ်ကို သူ့သား နောက်တစ်ယောက်က ဆွဲလုထားခဲ့ပေမဲ့ ဂျော့က သူ့သားအခန်းထဲ ဝင်သွားတယ်။ တံခါးကို အထဲကနေ လော့ခ်ချလိုက်ပြီး သူ့မှာ နောက်ထပ်သေနတ်တစ်လက် ရှိနေတယ်လို့ ညာပြောလိုက်တယ်။ ဆေးရုံက ဖုန်းဆက်လိုက်လို့ အပြင်မှာ အထူးရဲတပ်ဖွဲ့တွေ ရောက်နေကြပြီ။

ဂျော့ကို လက်နက်ချပြီး အဖမ်းခံဖို့ ဖြောင်းဖျတယ်။ ဂျော့ကလည်း သူ့သား သတိပြန်လည်လာမယ့်အချိန်ကိုစောင့်ဖို့ တတ်နိုင်သမျှ အချိန်ဆွဲခဲ့တယ်။ နောက်ဆုံးမှာတော့ ဆရာဝန်တွေ မှားပြီး ဂျော့ မှန်ခဲ့ပါတယ်။ သူ့သားက ဦးနှောက်သေသွားတာ မဟုတ်ခဲ့ပါဘူး။ သတိပြန်လည်လာခဲ့ပါတယ်။ အထူးရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းနေတဲ့ ၃ နာရီအတွင်းမှာ သူ့သားက ဂျော့ရဲ့လက်ကို ၃၊ ၄ ကြိမ် ညှစ်ခဲ့ပါတယ်။

သူ့သား အသက်ရှင်နေသေးကြောင်း တိတိကျကျ သိလိုက်ရပြီးနောက်မှာတော့ ဂျော့ကလည်း အဖမ်းခံလိုက်ပါတယ်။ ဂျော့ရဲ့ ဒီလုပ်ရပ်က ဥပဒေချိုးဖောက်ရာ ရောက်ပေမဲ့ သူ့သားအသက်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်။ နောက်ပိုင်း ကုသမှုတွေ လုပ်ပေးပြီးချိန်မှာ သူ့သားက အကောင်းပကတိ ပြန်သက်သာလာခဲ့တယ်။

ဂျော့ကို အချုပ်ထဲ ပို့ပြီး လက်နက်ကိုင် ခြိမ်းခြောက်မှု စွဲချက်တွေ တင်ခဲ့ပေမဲ့ သူ့ရဲ့တွက်ဆမှု မှန်ကန်ခဲ့ပြီး သူ့သားအသက်ကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်လို့ ပြင်းထန်တဲ့စွဲချက်ကို ရုပ်သိမ်းပေးခဲ့ပြီး လပိုင်းလောက်ပဲ ထောင်ကျခဲ့တယ်။ ” မိဘတွေရဲ့ တာဝန်က သားသမီးကို ကာကွယ်ပေးဖို့ပါပဲ။ အဖေက တာဝန်ကျေခဲ့ပါတယ်။ သူ့ကြောင့်သာ ကျွန်တော် အသက်ဆက်ရှင်ခွင့်ရတာပါ” လို့ သားဖြစ်သူက ပြောပါတယ်။

ဒီဖြစ်ရပ်ကတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ Tomball Regional Medical Center မှာ ဖြစ်ပွားခဲ့တာပါ။ ဖခင်အမည်က ဂျော့ပစ်ကာရင်း(၂)ဖြစ်ပြီး သူ့သားကတော့ ဂျော့ပစ်ကာရင်း (၃)လို့ အမည်ရပါတယ်။

Ref: Mirror ” ‘Brain dead’ son wakes up after gun-toting dad’s standoff with doctors who wanted to turn life support off”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top