ရီးရဲလ်၊ ဂျူဗင်တပ်၊ မန်စီးတီး၊ လီဗာပူးတို့ ကွာတားဖိုင်နယ် တက်ရောက်

28699392_1785562374808008_8979485733262835957_o.jpg

ဒီတစ်ပတ် ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်၊ ဂျူဗင်တပ်တို့ နိုင်ပွဲရခဲ့ပြီး မန်စီးတီးကတော့ အိမ်ကွင်းရှုံးပွဲကြုံခဲ့ပါတယ်။

မန်စီးတီး ၁-၂ ဘေဆယ်

(နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဂိုးဖြင့် မန်စီးတီး နောက်တစ်ဆင့်တက်)

ပထမပွဲစဉ်မှာ (၅)ဂိုးပြတ် အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အဂူရို၊ ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရိုင်း၊အော့တာမန်ဒီ၊ ကယ်လီဝေါ်ကာတို့လို အဓိက ကစားသမားတွေကို အနားပေးပြီး ဂါဘရီယယ်ဂျီးဆပ်၊ ဆာနေး၊ ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန်(၈)မိနစ်မှာ ဘာနာဒိုဆေးလ်ဗား ဂိုးဧရိယာထဲ ချိုးပေးတဲ့ဘောလုံးကို ဂါဘရီယယ်ဂျီးဆပ်က ပိတ်သွင်းပြီး မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန်(၁၇)မိနစ်မှာအယ်ယောင်နက်ဆီက အနီးကပ်ကန်သွင်းပြီး ဘေဆယ်အတွက် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲချိန်(၇၁)မိနစ်မှာတော့ နောက်ခံလူ အမ်လန်းက မန်စီးတီးဂိုးသမား ဘရာဗို ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းပြီး အနိုင်ဂိုးသွင်းခဲ့တာပါ။

စပါး ၁-၂ ဂျူဗင်တပ်

(နှစ်ကျော့ပေါင်း ၃-၄ ဂိုးဖြင့် ဂျူဗင်တပ် နောက်တစ်ဆင့်တက်)

စပါးတိုက်စစ်ပိုင်းမှာ ဟာရီကိန်း၊ ဒယ်လီအလီ၊ ဟောင်မင်ဆန်၊ အဲရစ်ဆင်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဂျူဗင်တပ်ကတော့ ဟီဂူအင်၊ ဒိုင်ဘာလာ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲစကတည်းက နှစ်သင်းလုံး တိုက်စစ်ဆင် ကစားခဲ့ပြီး စပါးတိုက်စစ်ပိုင်းက ပိုထိရောက်ခဲ့ပြီးပွဲချိန်(၃)မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ကန်ချက်ကို ဂျူဗင်တပ်ဂိုးသမား ဘူဖွန် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၄)မိနစ်မှာ ဂိုးသမား ဘူဖွန်ကို ကျော်ဖြတ်ပြီး ဟာရီကိန်း ကန်သွင်းခဲ့ပေမယ့် သူ့ကန်ချက် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ ပွဲချိန်(၁၇)မိနစ်မှာဒေါက်ဂလက်ကော်စတာကို စပါးနောက်ခံလူ ဗာတွန်ဂန် ဧရိယာထဲ ခြေချိတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ပွဲချိန်(၃၉)မိနစ်မှာ ထရစ်ပီယာရဲ့ပေးပို့မှုကနေ ဟောင်မင်ဆန်က အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ပွဲချိန်(၆၄)မိနစ်မှာ လစ်ခ်ျစတိန်နာရဲ့ ညာတောင်ပံဖြတ်တင်ဘောကို ခီဒီရာခေါင်းတိုက်ချပေးရာမှာ ဟီဂူအင်က ပြေးဝင်ပိတ်သွင်းပြီး ဂျူဗင်တပ်အတွက် ချေပဂိုးပြန်သွင်းခဲ့တာပါ။ နောက်(၃)မိနစ်အကြာမှာ ဒိုင်ဘာလာက စပါးအသင်း လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမား ဟူဂိုလိုရစ်နဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ကန်သွင်းပြီး ဂျူဗင်တပ်အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာပါ။ ဂျူဗင်တပ်ဟာ ဒီပွဲမှာ ဂိုးပေါက်တည့်တဲ့ ကန်ချက် (၂)ကြိမ်ကနေ (၂)ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ စပါး တိုက်စစ်ဆင်ခဲ့ပေမယ့် ဂျူဗင်တပ်က ခံစစ်ပိတ် ကစားခဲ့လို့ စပါးချေပဂိုး မရခဲ့ပါဘူး။

ပီအက်စ်ဂျီ ၁-၂ ရီးရဲလ်

(နှစ်ကျော့ပေါင်း ၂-၅ ဂိုးဖြင့် ရီးရဲလ် နောက်တစ်ဆင့်တက်)

ပထမအကျော့တုန်းက (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီဟာ ဒီပွဲမှာ တိုက်စစ်ဖွင့်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာရနေတဲ့ နေမာ မပါနိုင်လို့ တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ပွဲချိန်(၁၇)မိနစ်မှာ ရာမို့စ်ရဲ့ ပိတ်သွင်းချက်ကို ပီအက်စ်ဂျီ ဂိုးသမား အရီယိုလာ ကာကွယ်နိုင်ခဲ့သလို ပွဲချိန်(၃၇)မိနစ်မှာ ဘန်ဇီမာရဲ့ကန်ချက်လည်း အရီယိုလာရဲ့ ခြေထောက်ထိထွက်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဒီမာရီယာ၊ အမ်ဘက်ပီတို့ရဲ့ ကန်ချက်တွေကို ကေလာနာဗက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန်(၅၁)မိနစ်မှာ လူးကပ်စ်ဗက်ကွက်ဇ်ရဲ့ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်ပြီးရီးရဲလ်အတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်။ ပွဲချိန်(၆၆)မိနစ်မှာ ကွင်းလယ်ဒိုင်ကို ဒေါသတကြီး စောဒကတက်ခဲ့တဲ့ ဗာရက်တီ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပွဲချိန်(၇၁)မိနစ်မှာပက်စတိုရီရဲ့ ခေါင်းတိုက်ချက် ကက်စမီယိုနဲ့ထိပြီး ပြန်ထွက်ခဲ့ပေမယ့်ကာဗာနီနဲ့ထိပြီး ရီးရဲလ်ဂိုးပေါက်ထဲ ဝင်သွားလို့ ပီအက်စ်ဂျီ ချေပဂိုး ရခဲ့ပါတယ်။ 
ပွဲချိန်(၈၀)မိနစ်မှာ ကက်စမီရိုရဲ့ ကန်ချက် ပီအက်စ်ဂျီ ကစားသမားနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားလို့ ရီးရဲလ် အနိုင်ဂိုးရခဲ့တာပါ။

လီဗာပူး ၀-၀ ပေါ်တို

(နှစ်ကျော့ပေါင်းရလဒ် ၅-၀ ဂိုးဖြင့် လီဗာပူး နောက်တစ်ဆင့်တက်)

ပထမအကျော့က (၅)ဂိုးပြတ် အနိုင်ရထားတဲ့ လီဗာပူးဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ဆာလက်ကို အရန်ခုံထိုင်ခိုင်းပြီး မာနေး၊ ဖာမီနို၊ လယ်လာနာ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန်(၃၀)မိနစ်မှာ မာနေးရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့သလို လိုဗရန်ရဲ့ခေါင်းတိုက်ချက်ကိုလည်း ပေါ်တိုဂိုးသမား ကာဆီးလက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။ ပေါ်တိုဘက်က ကန်ချက်တစ်ချို့ကို လီဗာပူးဂိုးသမား ကာရီယက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇၄)မိနစ်မှာ မာနေးရဲ့နေရာကို ဆာလက် လူစားဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်ပဲ ရခဲ့ပြီး ကာဆီးလက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top