ဇာတ်လမ်းတွဲအသစ်နဲ့ ပရိသတ်တွေရဲ့အထူးနှစ်ခြိုက်မှုကို ရရှိနေတဲ့ ကိုရီးယားမင်းသားချော ကန်ထယ်အို

3-8-2022-yyl16.jpg

လက်ရှိ မြန်မာပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလို့နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲကတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ Extraordinary Attorney Woo ပါပဲ။ ထိပ်တန်းဥပဒေကုမ္ပဏီတစ်ခုမှာ ရှေ့နေအသစ်တစ်ယောက်အနေနဲ့ တရားခွင်အတွင်း စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ အော်တစ်ဇင်ရှေ့နေ ဝူယောင်ဝူနဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်တဲ့ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့ လီဂျွန်ဟိုတို့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပါ။

အဲဒီဇာတ်လမ်းတွဲက ထုတ်လွှင့်ပြသတဲ့အပတ်တိုင်း ကြည့်ရှုနှုန်းများခဲ့ပါတယ်။ Netflix ရဲ့ ကြည့်ရှုနှုန်းအများဆုံးအင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ဇာတ်လမ်းတွဲ ထိပ်ဆုံး(၁၀) ကားစာရင်းမှာ ပါဝင်ခဲ့တာပါ။ ဇာတ်လမ်းတွဲထဲက “ဝူ to the ယောင် to the ဝူ….ဒုံ to the ဂူ to the ရာမီ”ဆိုတဲ့ စကားလေးကလည်း လူပြောများနေတာပါ။

ဇာတ်လမ်းတွဲ ရေပန်းစားလာတာနဲ့အမျှ အဲဒီမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း နာမည်ကြီးနေပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ အော်တစ်ဇင်ရှေ့နေ ဝူယောင်ဝူအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး ပတ်ခ်အွန်ဘင်းနဲ့ ဥပဒေကုမ္ပဏီဝန်ထမ်း လီဂျွန်ဟိုအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ကန်ထယ်အိုတို့ဟာ မြန်မာပရိသတ်တွေရဲ့အထူးနှစ်ခြိုက်မှုကို ရရှိနေပါတယ်။ မင်းသား ကန်ထယ်အိုဆိုရင် ရှာဖွေမှုအများဆုံးကိုရီးယားမင်းသားစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

သူဟာ အ​ပြုံးချိုချိုလေးနဲ့ မြန်မာပရိသတ်တွေရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့တာပါ။ အသက် (၂၈) နှစ်အရွယ် ကန်ထယ်အိုအကြောင်း သိတဲ့သူရှိသလို မသိတဲ့သူလည်း ရှိကြမှာပါ။ မသိသေးတဲ့သူတွေအတွက် သူ့အကြောင်း အချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။

(၁) အဆိုအဖွဲ့ 5urprise ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တယ်

ရှေ့နေဇာတ်လမ်းတွဲအသစ်နဲ့ မြန်မာပရိသတ်တွေရဲ့အထူးနှစ်ခြိုက်မှုကို ရရှိနေတဲ့ ကန်ထယ်အို

၂၀၁၃ ခုနှစ်က Fantagio Entertainment အေဂျင်စီက ထယ်အို၊ ယိုအီ၊ ကန်ဂျွန်၊ ဂုန်မြောင်၊ ထယ်ဝမ် ဆိုတဲ့ မင်းသား (၅) ဦးပါဝင်တဲ့ အဆိုအဖွဲ့ 5urprise ကို ပွဲထုတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ဝင် (၅) ဦးက “After School: Lucky or Not” တီဗီစီးရီးမှာ ပထမဆုံးသရုပ်ဆောင်ခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာတော့ 5urprise အဖွဲ့ကွဲသွားခဲ့ပါတယ်။

(၂) မူလတန်းကတည်းက မင်းသားဖြစ်ချင်ခဲ့တယ်

5urprise အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ထယ်အို

ထယ်အိုက အမြဲတမ်း ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့တာပါ။ မူလတန်းမှာ မင်းသားဖြစ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အခြားဘယ်အရာမှ မတွေးဖြစ်ခဲ့ဘူးလို့ အင်တာဗျူးတစ်ခုမှာ သူ ပြောခဲ့ဖူးပါတယ်။ သူက ကျော်ကြားမှုထက် မင်းသားတစ်ယောက်အဖြစ် ရေရှည်နေသွားချင်ခဲ့တာပါ။

(၃) ၂၀၁၉ ခုနှစ်မှာ အကောင်းဆုံးမျက်နှာသစ်မင်းသားဆုကို ရရှိခဲ့တယ်

မကြာခင် စစ်မှုထမ်းရတော့မယ့် ထယ်အို

ထယ်အိုက ၂၀၁၉ ခုနှစ် KBS ရုပ်သံလိုင်းရဲ့ နန်းတွင်းဇာတ်လမ်းတွဲ The Tale of Nokdu မှာ ဗီလိန်အိမ်ရှေ့စံမင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ၁၇ ရာစု၊ ဂျိုဆွန်းခေတ်ရဲ့ဘုရင်နေရာကို နန်းတွင်းပုန်ကန်မှုလုပ်ပြီး ယူခဲ့တာပါ။ အဲဒီဇာတ်ရုပ်ကြောင့် သူဟာ အကောင်းဆုံးမျက်နှာသစ်မင်းသားဆုကို ရရှိခဲ့ပါတယ်။

(၄) ဗီယက်နမ်ဒရာမာမှာ ပါဝင်ခဲ့တယ်

အပြုံးချိုချိုလေးနဲ့ မြန်မာပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ ထယ်အို

၂၀၁၄ ခုနှစ်မှာ ထယ်အိုက ကိုရီးယား-ဗီယက်နမ်ရုပ်သံဇာတ်လမ်းတွဲ Forever Young မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ ပါဝင်ရင်းနဲ့ သူ့ကို “Prince of Vietnam” လို့ အမည်ပေးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲကြောင့် လူတော်တော်များများရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရတယ်လို့ သူက ပြောခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်၊ VTV ဆုပေးပွဲမှာ ဆွဲဆောင်နိုင်ဆုံးမင်းသားဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှတော့ Forever Young ဒုတိယတွဲမှာ ပါဝင်ခဲ့ရပါတယ်။

(၅) စစ်မှုမထမ်းခင် Extraordinary Attorney Woo က သူ့ရဲ့နောက်ဆုံးဇာတ်ကားဖြစ်တယ်

Extraordinary Attorney Woo ဇာတ်လမ်းတွဲ


ဇွန်လက Extraordinary Attorney Woo ဇာတ်လမ်းတွဲရဲ့ Press Conference မှာ ထယ်အိုက စစ်မှုမထမ်းဆောင်ခင် နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကောင်ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာပါ။ ဒီဇာတ်လမ်းတွဲနဲ့ နာမည်ရလာပြီးတဲ့နောက်မှာ ရုပ်ရှင်ကမ်းလှမ်းချက်တွေရရှိနေပေမဲ့ သူက မကြာခင် (၂) နှစ်နီးပါး စစ်မှုထမ်းဆောင်ရမှာပါ။ စစ်မှုထမ်းဆောင်ဖို့ တရားဝင်အကြောင်းကြားစာတော့ လက်ခံမရရှိသေးပေမဲ့ အခုလ (ဒါမှမဟုတ်) နောက်လမှာ စစ်ထဲဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ သူ့အေဂျင်စီ Man of Creation အရ သိရပါတယ်။

Ref: Extraordinary Attorney Woo’s Kang Tae-oh is the internet’s most-searched actor now, here’s what you should know about him

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top