တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်က ဈေးဝယ်စင်တာတစ်ခုကို ပြန်လည်ပြုပြင်မွမ်းမံစဉ်အတွင်း အဆောက်အဦးရဲ့အမိုးပေါ်က ပန်းခင်းထဲမှာ ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီပန်းခင်းကို နှစ်ပေါင်း ၃၀ နီးပါးကြာ စွန့်ပစ်ထားခဲ့တာပါ။ ရုပ်အလောင်းကိုတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ရဲတွေဟာ လွန်ခဲ့တဲ့ ၂၈ နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ အဝတ်အထည်လက်ကားရောင်းချသူ ဝူယန်ပင်းရဲ့ရုပ်အလောင်းဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူ့ကို သူ့မိသားစုဝင်တွေနောက်ဆုံးမြင်တွေ့ခဲ့တာက ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလကပါ။ ထမင်းစားပြီးနောက် ဆိုင်ကနေ ထွက်သွားပြီး မကြာခင်ပြန်လာခဲ့မယ်လို့ ပြောသွားခဲ့တာပါ။ အဲ့ဒီနောက် သူနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။
စုံမမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဒီအမှုနဲ့ဆက်စပ်တဲ့ သံသယရှိသူ ၂ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ၂ ဦးထဲက တစ်ယောက်က ဝူယန်ပင်းကို သတ်ပြီး အဲ့ဒီညမှာပဲ ပန်းခင်းထဲမှာ မြှုပ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဝူ ပျောက်ဆုံးခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းက ရဲတွေဟာ သူ့ကို ရှာဖွေရာမှာ တိုးတတ်မှုအနည်းငယ်သာရှိခဲ့တာပါ။ သူ့ရဲ့ရုပ်အလောင်းကို ရှာတွေ့ပြီးနောက်မှာ ဒီအမှုဟောင်းကို ပြန်သုံးသပ်ပြီး ဈေးဝယ်စင်တာက စီးပွားရေးလုပ်ငန်းရှင်ဟောင်းတွေကို မေးမြန်းခဲ့ပြီး အရေးကြီးတဲ့သဲလွန်စတွေ ရခဲ့ပါတယ်။

ဝူ ပျောက်သွားတဲ့နေ့က ဝူဟာ အဆောက်အဦးတစ်ခုတည်းမှာပဲ စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီအမျိုးသမီးက ဝူဆီက ချေးထားတဲ့အကြွေးကို ပြန်ဆပ်ဖို့ဆိုပြီး ချိန်းခဲ့တာပါ။ ဝူရဲ့ပစ္စည်းတွေလည်း ပျောက်ဆုံးသွားတဲ့အတွက် ချန်ရိဖန်ဆိုတဲ့ အဲ့ဒီအမျိုးသမီးဟာ သံသယရှိသူဖြစ်လာခဲ့ပြီး လူသတ်မှုရဲ့နောက်ကွယ်မှာ ငွေကြေးဆိုင်ရာရည်ရွယ်ချက်တွေရှိတယ်လို့ ရဲတွေက ယုံကြည်ခဲ့ကြပါတယ်။
ဒါပေမဲ့ ချန်ကို ခြေရာခံဖို့ ခက်ခဲခဲ့ပါတယ်။ ဝူပျောက်သွားပြီးနောက် မကြာခင်မှာပဲ ချန်က ထွက်သွားခဲ့ပြီး အဲ့ဒီနောက် သူ့ရဲနာမည်ကိုပြောင်းလဲကာ မျက်နှာခွဲစိတ်မှုတွေလုပ်ခဲ့တယ်ဆိုတာ ရဲတွေရှာတွေ့ခဲ့ပါတယ်။
အမှုဟောင်းစာရွက်စာတမ်းတွေ၊ အိမ်ထောင်စုစာရင်း၊ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီးတဲ့နောက်မှာသာ ရဲတွေက သူ ရှန်ဟိုင်းမှာ ရှိနေတယ်ဆိုတာ ခြေရာခံနိုင်ခဲ့ပါတယ်။
ချန်အပြင် ဝူရဲ့ခင်ပွန်းဟောင်း ယန်ဖုဂန်ကိုလည်း ဖမ်းဆီးခဲ့ပြီး နောက်ဆုံးမှာ ဒီပြစ်မှုကို ဝန်ခံခဲ့ပါတယ်။ ယန်နဲ့ ချန်တို့ဟာ အဲ့ဒီအချိန်တုန်းက ဝူကို အကြွေး စင်ကာပူဒေါ်လာ ၇၅၀၀ ပေးဖို့ ရှိနေခဲ့ပြီးဈေးဝယ်စင်တာက ဂိုဒေါင်တစ်ခုဆီ လာဖို့ ဆွဲဆောင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးက ဝူကို လည်ပင်းညှစ်သတ်ပြီး ခေါင်းမိုးထပ်က ပန်းခင်းထဲမှာ ရုပ်အလောင်းကို မြှုပ်ခဲ့ကြပါတယ်။ ဝူရဲ့ရွှေအပါအဝင်တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူသွားခဲ့ပါတယ်။
ချန်က အစပိုင်းမှာတော့ သူ အပြစ်ကင်းတယ်လို့ အခိုင်အမာပြောခဲ့ပေမဲ့ နောက်တော့ ဝန်ခံခဲ့ပါတယ်။ ယန် နဲ့ချန်တို့နှစ်ဦးဟာ နောက်တစ်ကြိမ် တရားရုံးမှာ ရုံးတင်စစ်ဆေးခံရမှာဖြစ်ပါတယ်။ ဝူရဲ့ရုပ်အလောင်းကို သူ့မိသားစုက သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။ မိခင်ဖြစ်သူကို ၂၈ နှစ်ကျော်ကြာရှာဖွေနေခဲ့တဲ့ သားဖြစ်သူကတော့ တရားရုံးက သူ့အမေအတွက် တရားမျှတမှုယူဆောင်လာပေးဖို့မျှော်လင့်နေပါတယ်။
Ref: China woman missing for 28 years found buried in shopping mall flower bed, pair confesses to murder over S$7,500 debt
WL (ရိုးရာလေး)

