ခင်ပွန်းသည်ရဲ့ လုပ်ကြံမှုမှာ အသက်မသေခဲ့တဲ့ တရုတ်အမျိုးသမီးက ထိုင်းနိုင်ငံမှ အသက်သခင်ကျေးဇူးရှင်တွေကို လာရောက်တွေ့ဆုံပြီး ကျေးဇူးတင်စကားဆို

23.4.24-yyl-2.jpg

ခင်ပွန်းဖြစ်သူက တောင်ပေါ်ကနေ တွန်းချခဲ့ပေမဲ့ အမျိုးသားဥယျာဉ်မှ အရာရှိတွေရဲ့ ကယ်တင်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ တရုတ်အမျိုးသမီးဟာ ၅ နှစ်အကြာမှာတော့ သူ့ရဲ့အသက်သခင် ကျေးဇူးရှင်တွေနဲ့ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါပြီ။ ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက်ခင်းမှာ ဝမ်နန်းနဲ့ ခင်ပွန်းဖြစ်သူ ယုရှောင်တုံးတို့ဟာ နေထွက်ချိန်အလှကို ကြည့်ရှုဖို့အတွက် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဖာတမ်အမျိုးသားဥယျာဉ်ရဲ့ တောင်ကုန်းပေါ်ကို ရောက်လာခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ဝမ်နန်းမှာ ကိုယ်ဝန် ၃ လ ရှိနေပါပြီ။

ယုရှောင်တုံးက ဝမ်နန်းရဲ့ပါးကို နမ်းခဲ့ပြီးနောက် ” သွားသေလိုက်တော့”လို့ ပြောပြီး တောင်ကုန်းပေါ်ကနေ တွန်းချခဲ့တာပါ။ ဝမ်နန်းဟာ ၃၄ မီတာမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ချောက်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံသား ခရီးသွားတစ်ယောက်က ဝမ်နန်းကို တွေ့သွားပြီး ဖာတမ်ဥယျာဉ်မှ အရာရှိတွေထံ အကြောင်းကြားခဲ့ပါတယ်။ သူတို့က ရှေးဦးသူနာပြုစုပေးပြီး အရေးပေါ်ကုသမှုလုပ်ပေးဖို့ ခရိုင်ဆေးရုံ တင်ပို့ခဲ့ကြတာပါ။ ဝမ်နန်းဟာ ဘယ်ဘက်ပေါင်၊ ဘယ်လက်နဲ့ ဘယ်ဘက်ပခုံးရိုး၊ တင်ပါးရိုးနဲ့ ဒူးတွေမှာ ကျိုးအက်ဒဏ်ရာ ၁၇ ခု ရခဲ့ပေမဲ့ အသက်ရှင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ဝန်ကတော့ ပျက်ကျသွားခဲ့တာပါ။

ဝမ်နန်း တွန်းချခံရပြီး တစ်ပတ်အကြာမှာ သူ့ရဲ့ခင်ပွန်း ယုရှောင်တုံး ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇွန်လမှာတော့ ထိုင်းနိုင်ငံက တရားရုံးချုပ်က သူ့ကို လူသတ်ရန် ကြိုးပမ်းမှုနဲ့ ထောင်ဒဏ် ၃၃ နှစ်၊ ၄ လ ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာတော့ ဝမ်နန်းက သူ့ရဲ့အသက်သခင် ကျေးဇူးရှင်တွေကို လာရောက်တွေ့ဆုံကာ ကျေးဇူးတင်စကားပြောခဲ့ပြီး ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်များ၊ သားရဲတိရစ္ဆာန်နဲ့ သစ်ပင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ဒီအကြောင်းကို သူတို့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

Ref:China woman, pushed off cliff in Thailand by husband, meets rescuers 5 years later

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top