ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှုတွေအတွက် Bitcoin နဲ့ ငွေလက်ခံဖို့ ရုရှား စဉ်းစားနေ

26-3-2022-yyl02.jpg

ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှုတွေအတွက် Bitcoin နဲ့ ငွေလက်ခံဖို့ စဉ်းစားနေတယ်လို့ ရုရှားနိုင်ငံရဲ့ ထိပ်တန်းလွှတ်တော်အမတ်တစ်ယောက်က ပြောပါတယ်။ မိတ်ဆွေပီသတဲ့ နိုင်ငံတွေအနေနဲ့ ရေနံ၊ ဓာတ်ငွေ့ဝယ်ယူတဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်ငွေကြေး သို့မဟုတ် ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးချေခွင့်ရနိုင်ဖွယ် ရှိတယ်လို့ ရုရှား အောက်လွှတ်တော်ရဲ့ စွမ်းအင်ကော်မတီဥက္ကဋ္ဌ ပါဗယ်ဇာဗယ်နီက ပြောပါတယ်။

ရုရှားအပေါ် မိတ်ဆွေမပီသတဲ့ နိုင်ငံတွေ ရေနံ၊ ဓာတ်ငွေ့ဝယ်ယူတဲ့အခါ ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေးနဲ့ပဲ ငွေပေးချေခိုင်းချင်တယ်လို့ အခုတစ်ပတ် အစောပိုင်းမှာ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ အခုနှစ်အတွင်း ငွေကြေးတန်ဖိုး ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတဲ့ ရုရှားငွေကြေး ခိုင်မာအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ပူတင်က အခုလို ပြောခဲ့ပုံပေါ်ပါတယ်။ ပူတင်ရဲ့ အဲဒီပြောကြားချက်ဟာ ရူဘယ်ငွေကြေးကလည်း သီတင်းပတ် ၃ ပတ်အတွင်းမှာ အမြင့်ဆုံး ပြန်ဖြစ်ခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့လို့ ရုရှားနိုင်ငံရဲ့ ရူဘယ်ငွေကြေး တန်ဖိုးကျဆင်းပြီး လူနေမှုစရိတ်တွေ မြင့်တက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားဟာ ကမ္ဘာပေါ်မှာ သဘာဝဓာတ်ငွေ့ အများဆုံးတင်ပို့တဲ့နိုင်ငံ၊ ရေနံတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပါပဲ။

” ရူဘယ်၊ ယွမ်ငွေတွေနဲ့ ငွေပေးချေမှုလုပ်ဖို့ တရုတ်နိုင်ငံကို ကမ်းလှမ်းထားတာ ကြာပါပြီ။ တူရကီဆိုရင်လည်း လိုင်ရာ၊ ရူဘယ်နဲ့ ငွေပေးချေလို့ ရပါတယ်။ bitcoin နဲ့လည်း ငွေချေနိုင်ပါတယ်” လို့ ပါဗယ်ဇာဗယ်နီက ဆိုပါတယ်။ ရုရှားဟာ bitcoin နဲ့ ငွေပေးချေမှုကို လက်ခံမယ်ဆိုရင် အကျိုးကျေးဇူး ရနိုင်ပေမဲ့ စွန့်စားရမယ့် အခြေအနေတွေလည်း ရှိနေတယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။

” ရုရှားက မကြုံစဖူး အရေးယူပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုကို အချိန်တိုအတွင်းမှာပဲ ခံစားမိလာပါပြီ။ ဒီတော့ စီးပွားရေး ပြန်ဦးမော့လာအောင် လုပ်ဖို့ လိုတယ်။ Bitcoin က ကြီးထွားမှုနှုန်း မြင့်တက်နေတဲ့ အရာတစ်ခုပါ” လို့ စင်ကာပူနိုင်ငံ စွမ်းအင်လေ့လာမှုသိပ္ပံဌာနရဲ့ အကြီးတန်းသုတေသီ ဒေးဗစ်ဘရုတ်စတော့က ပြောပါတယ်။ ဒါပေမဲ့ Bitcoin က အခုနှစ်အတွင်းမှာ တန်ဖိုး ၃၀ ရာခိုင်နှုန်းအထိ အပြောင်းအလဲ ရှိနေပြီး ဒေါ်လာကတော့ ယူရိုငွေကြေးနဲ့ယှဉ်ရင် ၅ ရာခိုင်နှုန်းအတွင်းပဲ ပြောင်းလဲခဲ့ပါတယ်။

” အစဉ်အလာ အသုံးပြုနေတဲ့ တခြားငွေကြေးတွေနဲ့ယှဉ်ရင် သဘာဝဓာတ်ငွေ့ ရောင်းဝယ်မှုအတွက် Bitcoin ကို လက်ခံတာဟာ စွန့်စားမှု ပိုများပါတယ်။ ဒါ့အပြင် ရုရှားရဲ့ မိတ်ဖက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ cryptocurrency ကို ပိတ်ပင်ထားတယ်။ ဒီတော့ Bitcoin အသုံးပြုတဲ့ ငွေပေးချေမှုက အကန့်အသတ်ရှိနေမှာပါ” လို့ သူက ဆိုပါတယ်။

ရုရှားသန်းကြွယ်တွေကလည်း အရေးယူပိတ်ဆို့မှုတွေကို တိမ်းရှောင်နိုင်ဖို့ ဒီဂျစ်တယ်ငွေကြေး အသုံးပြုလာမှာ စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီအတွက် ယူကရိန်းအစိုးရ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးသမားတွေဟာ ရုရှားနိုင်ငံက အသုံးပြုသူအားလုံးကို crypto-currency ပလက်ဖောင်းကနေ ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ရုရှားငွေကြေး ယိမ်းယိုင်နေချိန်မှာ သာမန်ပြည်သူတွေကလည်း crypto ငွေကြေးအသုံးပြုပြီး အသက်ဆက်နေရလို့ လုပ်ငန်းစုတော်တော်များများကတော့ အဲဒီတောင်းဆိုမှုကို ပယ်ချထားပါတယ်။

ရုရှားနိုင်ငံရဲ့ ရှိရင်းစွဲ ဓာတ်ငွေ့တင်ပို့မှုစာချုပ်တွေမှာ ယူရိုငွေကြေးနဲ့ ပေးချေဖို့ သဘောတူညီထားပြီး ရုရှားအနေနဲ့ အဲဒီအချက်ကို ပြောင်းလဲနိုင်ခွင့် ရှိ၊ မရှိ တိတိကျကျ မသိရသေးပါဘူး။ ဥရောပသမဂ္ဂကို ဓာတ်ငွေ့တင်ပို့မှုတွေထဲမှာ ၄၀ ရာခိုင်နှုန်းကတော့ ရုရှားနိုင်ငံကနေ တင်ပို့တာ ဖြစ်ပါတယ်။

Ref: BBC “Russia considers accepting Bitcoin for oil and gas”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top