ယူကရိန်းဒုက္ခသည်တွေကို ကူညီဖို့ ဆုတံဆိပ်ရောင်းချမယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရုရှားဂျာနယ်လစ် ပြော

23-2-2022-yyl16.jpg

ယူကရိန်းဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးဖို့ သူ့ရဲ့ဆုတံဆိပ်ကို လေလံတင် ရောင်းချသွားမယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရုရှားဂျာနယ်လစ်က ပြောပါတယ်။နိုဗာယာဂေဇက်တာ(Novaya Gazeta)သတင်းစာရဲ့ အယ်ဒီတာဖြစ်တဲ့ ဒီမစ်ထရီမူရာတော့ဗ်ဟာ မနှစ်တုန်းက ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲဆွတ်ခူးခဲ့တာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် သူတို့ ၂ ဦးကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးခဲ့တာလို့ အကဲဖြတ်ဒိုင်တွေက ပြောပါတယ်။

ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံမှာ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ဒဏ်ရာရ/နာမကျန်း ကလေးငယ်တွေကို မြင်တွေ့ရလို့ သူ့ရဲ့ဆုတံဆိပ်ကို ရောင်းချချင်စိတ် ဖြစ်ပေါ်လာတာလို့ ဒီမစ်ထရီမူရာတော့ဗ်က ပြောပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးကို ယူကရိန်းဒုက္ခသည်တွေကို ကူညီပေးနေတဲ့ The Foundation of Assistance to the Ukrainian Refugees ထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၃.၅ သန်းကျော် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ ၁၉၉၃ ခုနှစ်မှာ Novaya Gazeta သတင်းစာကို စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ မူရာတော့ဗ်ဟာ ၁၉၉၅ ခုနှစ်ကစပြီး ထိပ်တန်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူပါ။ Novaya Gazeta သတင်းစာဟာ အကျင့်ပျက်ခြစားမှု၊ ရုရှားစစ်တပ်ထဲက လှုပ်ရှားမှုအကြောင်းတွေ အပါအဝင် ရုရှားအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့တဲ့ သတင်းစာတစ်စောင် ဖြစ်ပါတယ်။

Ref: CNN “Russian journalist will auction his Nobel peace medal for Ukrainian refugees”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top