တစ်နေ့ကို မိုးပျံပူဖောင်း ၂၇၃ လုံးစာပမာဏ လေသန့်ပေးနိုင်စွမ်းရှိတဲ့ လေသန့်တာဝါကို အိန္ဒိယနိုင်ငံမှာ စတင်စမ်းသပ်

18.5.2023-yyl-9.jpg

လေထုညစ်ညမ်းမှု အဆိုးရွားဆုံးစာရင်းဝင်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာတော့ လေသန့်စင်ပေးတဲ့ တာဝါကို စမ်းသပ်နေပါပြီ။ Verto လို့ အမည်ပေးတဲ့ လေသန့်တာဝါက ၁၈ ပေ မြင့်ပါတယ်။ တစ်နေ့ကို လေကုဗမီတာ ၆ သိန်းအထိ စစ်ထုတ်ပေးပြီး လေထုထဲက နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ အမှုန်အမွှားပမာဏကို လျှော့ချပေးတာပါ။ Verto ရဲ့ တစ်နေ့တာ လေသန့်စင်ပေးနိုင်တဲ့ပမာဏက မိုးပျံပူဖောင်း ၂၇၃ လုံးစာနဲ့ ညီမျှပါတယ်။ နယူးဒေလီမြို့ရဲ့ ၁၆ ရာစု ဆန်းဒါးနာဆရီပန်းခြံထဲမှာ Verto လေသန့်တာဝါရဲ့ ပုံစံငယ်ကို ထားရှိပြီး ဒေတာတွေ ကောက်ယူနေပါတယ်။

အမစ်ဂူပတာနဲ့ ဘရစ်တာဂူပတာ ဇနီးမောင်နှံတို့ ပူးတွဲတည်ထောင်ထားတဲ့ Studio Symbiosis ဗိသုကာလုပ်ငန်းက Verto လေသန့်တာဝါကို တီထွင်ခဲ့ကြတာပါ။ သူတို့ရဲ့ တီထွင်မှုက အများပြည်သူဆိုင်ရာနေရာတွေ၊ ရပ်ကွက်တွေ၊ မြို့တွေအထိ လေသန့်စင်ပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ပန်ကာနဲ့ချိတ်ဆက် လည်ပတ်စေတဲ့ လေသန့်တာဝါတွေဟာ အချင်း ၆၅၆ ပေကနေ ပေ ၁၅၀၀ ကြား အကွာအဝေးအထိ လေသန့်ပေးနိုင်စွမ်း ရှိပါတယ်။ လေတိုက်နှုန်းနဲ့ တာဝါတစ်ဝိုက် ဟင်းလင်းပွင့်မှု အနေအထားအလိုက် လေသန့်ပေးနိုင်တဲ့နှုန်း ပြောင်းလဲနိုင်ပါတယ်။

အမေရိကန် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဖုန်မှုန့်တွေကို ရှင်းလင်းဖယ်ရှားဖို့အတွက် လေသန့်တာဝါ ၄၀ ဝယ်ယူဖို့ မှာယူထားပြီး ပြင်သစ်၊ နယူးဇီလန်၊ ဥဇဘတ်ကစ္စတန်နိုင်ငံတွေက ဝယ်လက်တချို့နဲ့လည်း ဆွေးနွေးညှိနှိုင်းနေပါတယ်။

The Lancet ဆေးပညာစာစောင်ရဲ့ လေ့လာမှုတစ်ရပ်အဖြစ် ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှုနဲ့ဆက်နွှယ်ပြီး သေဆုံးသူ ၁.၆ သန်းနီးပါးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကားတွေ၊ ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံ၊ အလုပ်ရုံတွေက မီးခိုးမြူတွေ၊ တောင်ယာမီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် နယူးဒေလီမြို့လေထုဟာ မြူခိုးတွေနဲ့ ရစ်သိုင်းနေလေ့ရှိပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Ref: Could these air purification towers tackle India’s pollution problem?

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top