ဗီယက်နမ်စစ်ပွဲမှာ မပေါက်ကွဲဘဲကျန်နေတဲ့ မိုင်းဗုံးတွေကို ရှင်းလင်းပေးနေတဲ့ မိုင်းရှင်းလင်းရေးမိန်းကလေးများ

6-3-2020-yyl-019.jpg

သူတို့ကို မြေမြှုပ်မိုင်းမိန်းကလေးတွေ(landmine girls) လို့ လူသိများပါတယ်။ အမေရိကန်စစ်ပွဲမှာ မပေါက်ကွဲဘဲ ကျန်နေရစ်တဲ့ ဗုံးသီးတွေကို ရှာဖွေရှင်းလင်းပေးနေသူတွေပါ။ ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန်တပ်ဖွဲ့တွေက လက်နက်ခဲယမ်းတန်ချိန် သန်း ၈၀ အသုံးပြုခဲ့ပြီး ၁၀ ရာခိုင်နှုန်းလောက်က မပေါက်ကွဲဘဲ ကျန်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ မိုင်းရှင်းလင်းရေးမိန်းကလေးတွေ ရှာဖွေရှင်းလင်းနေတဲ့ ဗီယက်နမ်နိုင်ငံ မြောက်-အလယ်ပိုင်း ကွမ်ထရိုင်ပြည်နယ်ကတော့ စစ်ပွဲကာလမှာ အများဆုံးဗုံးကြဲခံရတဲ့နေရာတစ်ခုပါ။

RENEW (သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပုံဖော်ပြီး စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ ကင်းစင်လွင့်ပျောက်ရေး) စီမံကိန်းအောက်မှာ အလုပ်လုပ်နေတဲ့ မိုင်းရှင်းလင်းရေး မိန်းကလေးအဖွဲ့မှာ မိန်းကလေး ၁၆ ယောက် ပါဝင်ပါတယ်။ အဲဒီစီမံကိန်းရဲ့ ရည်မှန်းချက်ကတော့ စိုက်ပျိုးမြေ ဟက်တာဧက ၆၀၀၀၀ ကျော်ကို တောင်ယာစိုက်ပျိုးနိုင်တဲ့ မြေနေရာပြန်ဖြစ်အောင် ကူညီပေးရေးပါပဲ။

မိုင်းရှင်းလင်းရေး မိန်းကလေးအဖွဲ့မှာ ဆေးဘက်ဆိုင်ရာနဲ့ လုံခြုံရေးအရာရှိအဖြစ် တာဝန်ယူထားတဲ့ ငုယင်သီဟလန် အတွက်ကတော့ ဒီအဖွဲ့မှာ ပါဝင်ရတာ အရမ်းအဓိပ္ပာယ်ရှိပါတယ်။ လန်ရဲ့ မိခင် ဟွမ်ဟာ ၁၂ နှစ်သမီးအရွယ်တုန်းက အိမ်ရှေ့မှာ ကစားနေတုန်း မပေါက်ကွဲဘဲကျန်နေတဲ့ဗုံး ပေါက်ကွဲခဲ့လို့ ခြေထောက်နှစ်ဖက်နဲ့ လက်တစ်ဖက် ပြတ်ခဲ့ပါတယ်။ ဟွမ်ဟာ သူ့ဘဝအချိန်အများစုကို ဘီးတပ်ကုလားထိုင်နဲ့ နေခဲ့ရပေမဲ့ အိမ်ထောင်ပြုပြီး သားသမီးနှစ်ယောက် မွေးနိုင်ခဲ့ပါတယ်။ လန်ရဲ့မောင်လေးကလည်း တခြား RENEW အဖွဲ့မှာ မိုင်းရှင်းလင်းသူအဖြစ် လုပ်နေပါတယ်။

“ကျွန်မအိမ်ရှေ့မှာ ကလေးတွေ ကစားနေတာမြင်ရင် ကျွန်မအမေကို သတိရလို့ တစ်ယောက်တည်း ကြိတ်ငိုရပါတယ်။ ကျွန်မဘဝကို တည်ငြိမ်အောင် တည်ဆောက်ဖို့၊ ကွမ်ထရိုင်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံတစ်နိုင်ငံလုံးမှာ ကလေးတွေ ကစားနိုင်ဖို့က ကျွန်မအလုပ်ပါပဲ။ ကွမ်ထရိုင်ပြည်နယ်တစ်ခုတည်းမှာ မပေါက်ကွဲဘဲကျန်နေတဲ့ဗုံး ပေါက်ကွဲခဲ့တဲ့ မတော်တဆမှုတွေကြောင့် လူ ၈၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၃ ပုံ၊ ၁ ပုံလောက်က လုံးဝန်းပြီး တင်းနစ်အရွယ်အစားရှိတဲ့ ဗုံးသီးတွေကို ကစားစရာထင်ပြီး ကစားမိရာကနေ ဗုံးပေါက်ကွဲပြီး သေဆုံးရတဲ့ ကလေးငယ်တွေဖြစ်ပါတယ်။

လန်တို့အဖွဲ့လို မိုင်းရှင်းလင်းရေးအဖွဲ့တွေက မြေနေရာဟက်တာဧက ၅၆၀၀ ကျော်ကို ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ မိုင်းရှင်းလင်းရေးအလုပ်ဆိုတာ ခက်ခဲကြမ်းတမ်းပြီး အန ္တရာယ်များပါတယ်။ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားတဲ့ နေပူကျဲကျဲထဲမှာ အလုပ်လုပ်ရလို့ နေလောင်ဒဏ်ခရင်မ် ဘယ်လောက်လိမ်းလိမ်း နေပူဒဏ်တော့ ခံရတာပါပဲ။ “တခြားမိန်းကလေးတွေလို မိတ်ကပ်မလိမ်းရ၊ လှလှပပ မဝတ်စားရပေမဲ့ ဒီစီမံကိန်းရဲ့ယူနီဖောင်းကို ဝတ်ရတဲ့နေ့တိုင်း ဂုဏ်ယူရပါတယ်။ ကျွန်မတို့အားလုံး ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းဂုဏ်ယူပါတယ်’’လို့ လန်က ပြောပါတယ်။ သူတို့အဖွဲ့ ရှင်းလင်းဖို့ ကျန်နေတဲ့ မိုင်းတွေကတော့ အများကြီးရှိနေဆဲပါ။ ၂၀၁၈ ခုနှစ် သြဂုတ်လက မြေအောက်ထဲကနေ မပေါက်ကွဲဘဲကျန်နေတဲ့မိုင်း ၁၄၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ကွမ်ထရိုင်ပြည်နယ်မှာ မိုင်းမတော်တဆမှု မရှိခဲ့ပါဘူး။ သူတို့ရဲ့ရည်မှန်းချက်ကတော့ ၂၀၂၅ ခုနှစ်ကျရင် ကွမ်ထရိုင်ပြည်နယ်တစ်ခုလုံးမှာ မပေါက်ကွဲဘဲကျန်နေတဲ့မိုင်းဗုံးတွေ လုံးဝရှင်းလင်းရေးပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top