ဘယ်သူမှန်လို့ ဘယ်သူမှားတယ်

trash-3V5KBJQ.jpg

လမ်းသွားရင်း အမှတ်မထင် လူသွားလမ်းပေါ်မှာ အမှိုက်တွေကို မျက်စိနောက်အောင် တွေ့မိလိုက်တဲ့အခါ ခင်ဗျား တိတ်တဆိတ် ရေရွတ်မိမယ်။ တော်တော် စည်းကမ်းမရှိတဲ့လူတွေလို့ပေါ့။

ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။ ခင်ဗျားကော အမှတ်တမဲ့နဲ့ တစ်ရှုးစလေး၊ ရေသန့်ဘူးခွံလေး တစ်ခုကို ဒီတိုင်း ပစ်ချခဲ့ဖူးတယ် မဟုတ်လား။ အခုအချိန်က သူတစ်ပါးကိုချည်း အပြစ်တင်ရမယ့်အချိန် မဟုတ်တော့ပါဘူး။

စကားပုံ တစ်ခု ရှိပါတယ်။ လက်ညှိုးတစ်ချောင်းက သူများဘက်ကိုထိုးနေချိန်မှာ ကျန်တဲ့လေးချောင်းက မိမိဘက်ကို ပြန်ထိုးနေပါသတဲ့။ တစ်ခုခုကို သူများကို အပြစ်တင်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဆင်ခြင်ရမယ့် အချိန်ကာလပါ။

အရမ်းရောင်းကောင်းတဲ့ စားသောက်ဆိုင်တစ်ခုမှာ လူတွေ အတင်းတိုးဝှေ့နေရတာ တစ်ဦးကိုတစ်ဦး Respect ဆိုတဲ့ လေးစားသမှု မထားပဲ ကိုယ့်အတွက်သာကိုယ် ကြည့်ကြတာမျိုးဟာ စည်းကမ်းရှိတဲ့လူတွေရဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။

လမ်းသွားရင်း မသိမသာ အများပိုင်လမ်းပေါ် ကွမ်းတံတွေး ထွေးချပြီးမှ လက်ဖက်ရည်ဆိုင်မှာ ဒီကလူတွေ စည်းကမ်းမရှိလို့ တိုင်းပြည်မတိုးတက်တာ ဘာညာပြောနေဖို့ ခင်ဗျား လိပ်ပြာလုံပါရဲ့လား။ စည်းကမ်းတကျ နေတတ်ဖို့ဆိုတာ သူများတကာကို လိုက်တိုက်တွန်းနေရမယ့် အလုပ်မျိုး မဟုတ်ပါဘူး။ ခင်ဗျားကိုယ်တိုင် ပြင်ရမယ့် အလုပ်မျိုးပါ။

ကိုယ့်ရဲ့ရပိုင်ခွင့်ကို အပြည့်အဝယူသလို တစ်ပါးသူရဲ့ အခွင့်အရေးကိုလည်း လေးစားတတ်ရပါမယ်။ နားအေးပါးအေး ထိုင်ချင်လို့ အေးအေးဆေးဆေးရှိတဲ့ စားသောက်ဆိုင်ကို လာကြတဲ့သူတွေကြားမှာ ခင်ဗျားဟာ အလိုက်သိတတ်ရပါမယ်။ တစ်ဆိုင်လုံးမှာ မိမိတို့ တစ်ဝိုင်းထဲ လူရှိသလိုမျိုး ဟေးလားဝါးလား လုပ်မနေသင့်ပါဘူး။

ကိုယ်ပိုင်ကားတွေနဲ့ မိုးရွာထဲ ကားမောင်းတဲ့အခါ လမ်းဘေးပလက်ဖောင်းမှာ လမ်းလျှောက်နေသူတွေကို လေးစားတတ်ရပါမယ်။ လမ်းလျှောက်နေသူကလည်း ဘေးဘယ်ညာ သေချာ လေ့လာသင့်ပါတယ်။ ဥပမာ လမ်းကူးလို့ရတဲ့ လူရုပ်လေးပေါ်လာမှ ကူးတာမျိုး ကားရှင်းမှ ကူးတာမျိုးပေါ့။

တန်းစီတယ်ဆိုတာ အဓိပ္ပါယ်မဲ့ ပျော်သလို လျှောက်လုပ်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတစ်ပါး အခွင့်အရေးကို လေးစားပြီး တန်းစီတတ်အောင် သင်ယူပါ။ ကိုယ်ပြုလုပ်တဲ့ တစ်စုံတစ်ခုဟာ ကိုယ့်ဆီကိုပဲ ပဲ့တင်သံအနေနဲ့ ပြန်လာတတ်ပါတယ်။ လူတစ်ဦးချင်းကသာ စည်းကမ်းတကျ ပြုမူ နေထိုင်မယ်ဆိုရင် ပိုပြီး နေပျော်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။

အနည်းဆုံးတော့ စိတ်ထဲ လုံခြုံမှုရှိတယ်လို့ ခံစားရမှာပါပဲ။ သူများနိုင်ငံက မြို့တော်တွေ၊ လမ်းတွေ ကြည့်ပြီး အားကျနေရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့တွေ ဘယ်လို ပြုမူနေထိုင်တယ်ဆိုတာ လေ့လာ အတုယူသင့်ပါတယ်။ ဒီဆောင်းပါးလေးကြောင့် အနည်းဆုံးတော့ အမှိုက်တစ်စလောက်ကို အမှိုက်ပုံးထဲ သေသေချာချာ ပစ်ခဲ့ပြီဆိုရင်တော့ ကျွန်တော် ကျေနပ်မိပါပြီ။

EL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top