သန့်ရှင်းရေးဝန်ထမ်းက သွားဆရာဝန် ဟန်ဆောင်ပြီး လူနာရဲ့ ရှေ့သွား ၄ ချောင်းကို မလိုဘဲ နှုတ်ပစ်ခဲ့

4.12.23-yyl-3.jpg

သန့်ရှင်းရေးဝန်ထမ်းက သွားဆရာဝန် ဟန်ဆောင်ပြီး လူနာဖြစ်သူရဲ့ ရှေ့သွား ၄ ချောင်းကို မလိုအပ်ဘဲ နှုတ်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က သွားဆေးခန်းမှာ ဖြစ်ပွားခဲ့တာပါ။

အစ္စတန်ဘူလ်အရပ်ဘက်တရားရုံးက ရရှိခဲ့တဲ့ မှတ်တမ်းတွေအရ ယီဒီရင်လို့ အမည်ရတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားက မခံမရပ်နိုင်အောင် သွားကိုက်လို့ သွားဆေးခန်းကို ဖုန်းဆက်ပြီး ရက်ချိန်းယူခဲ့ပါတယ်။ ဆီနာဆလန်လို့ အမည်ရသူက သူ့ကိုယ်သူ သွားဆရာဝန်ပါလို့ မိတ်ဆက်ပြီး ညနေကျရင် သွားဆေးခန်းကို လာဖို့ အကြောင်းပြန်ခဲ့ပါတယ်။

သွားဆေးခန်းကို ယီဒီရင် ရောက်သွားတဲ့အခါ ဆီနာဆလန်က ဆီးကြိုနှုတ်ဆက်ပြီး သူက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ စာပို့ချသူလည်း ဖြစ်တယ်လို့ လိမ်ပြောခဲ့ပါတယ်။ ဆီနာဆလန်က ယီဒီရင်ရဲ့သွားတွေကို စစ်ဆေးကြည့်ပြီး ရှေ့သွား ၄ ချောင်း နှုတ်ရမယ်လို့ ပြောတဲ့အခါ ယီဒီရင်လည်း အံ့အားသင့်သွားပါတယ်။ ” ကျွန်တော် သိသလောက်တော့ ပြည်တည်နေတဲ့ သွားကို နှုတ်စရာမလိုဘူးနော် ဒေါက်တာ”လို့ ယီဒီရင်က ပြောတဲ့အခါ ” ခင်ဗျားက သွားဆရာဝန်ကို သွားအကြောင်း ပြန်သင်ပေးနေတာလား”ဆိုပြီး ဆီနာဆလန်က ဟောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဆီနာဆလန်က ယီဒီရင်ကို ထုံဆေးထိုးပြီး ရှေ့သွား ၄ ချောင်းကို နှုတ်ခဲ့တာပါ။ ဒါဟာ လိုအပ်လို့ နှုတ်ရတာဖြစ်ပြီး သွားတု ပြန်စိုက်ပေးမယ်လို့လည်း ဆီနာဆလန်က ဆိုပါတယ်။ ယီဒီရင်ဟာ နာကျင်မှုဝေဒနာ ဆိုးဆိုးရွားရွား ခံစားခဲ့ပြီး တူရကီ လိုင်ရာငွေ ၁၀၀၀ ( အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ) ပေးခဲ့ရပါတယ်။ ယီဒီရင်က ဆီနာဆလန် ရေးပေးလိုက်တဲ့ ဆေးတွေ သွားဝယ်ချိန်ကစပြီး သံသယရှိလာတာပါ။

နောက်နေ့မှာ မခံမရပ်နိုင်အောင် ခံစားရလို့ သွားဆေးခန်းကို ထပ်သွားချိန်မှာတော့ ယီဒီရင်အတွက် မိုးပြိုကျသလို ခံစားလိုက်ရပါတယ်။ အဲဒီဆေးခန်းရဲ့ သွားဆရာဝန်က အီဘရာဟင်လီဗန့်လို့ အမည်ရပါတယ်။ ယီဒီရင်က မနေ့က သွားလာနှုတ်တဲ့အကြောင်း ပြောပြလိုက်တော့ ဆီနာဆလန်ဆိုတာ ဆေးခန်းရဲ့သန့်ရှင်းရေးဝန်ထမ်း ဖြစ်နေမှန်း သိလိုက်ရတော့တာပါ။

ယီဒီရင်ဟာ နာကျင်မှုဝေဒနာ မခံစားနိုင်တော့လို့ အရေးပေါ်ခွဲခန်းဝင်ခဲ့ရပါတယ်။ ယီဒီရင်ဟာ ခန္ဓာကိုယ် ထိခိုက်နာကျင်ခဲ့ရသလို စိတ်ဒဏ်ရာလည်း ရခဲ့ပါတယ်။ အဲဒီအတွက် ဆီနာဆလန်ထံကနေ နစ်နာကြေး လီရာငွေ ၁ သိန်း ရရှိလိုကြောင်း တရားစွဲခဲ့ပါတယ်။ တရားရုံးက ဆီနာဆလန်ကို ထောင်ဒဏ် ၂ နှစ်ခွဲနဲ့ ယီဒီရင်ကို နစ်နာကြေး လီရာ ၁ သိန်းပေးဖို့ တရားရုံးက ချမှတ်ခဲ့ပါတယ်။

Ref: Dental Clinic Cleaner Poses as Dentist, Unnecessarily Extracts Man’s Front Teeth

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top