သခင်ရုံးဆင်းလာတဲ့အထိ ရုံးအပြင်ဘက်မှာ နေတိုင်းစောင့်နေတဲ့ ခွေးလေး

yyl-022-13.jpg

ရှရှားနိုင်ငံ၊ ကာလီနင်ဂရဒ် မြို့က Mega ဈေးဝယ်စင်တာရဲ့ဈေးဝယ်သူတွေနဲ့ လမ်းသွားလမ်းလာသူတွေက နေရာတစ်နေရာတည်းမှာပဲ စောင့်နေတဲ့ အပြာရောင်မျက်လုံးလေးနဲ့ ဟပ်စကီခွေးလေးကို နေ့တိုင်းမြင်တွေ့နေရပါတယ်။ အဲဒီခွေးလေးက အမြဲတမ်း အပြာရောင်ဆွယ်တာအင်္ကျီလေးကို ဝတ်ဆင်ပြီး သူ့ရဲ့သခင် ရုံးအလုပ်တွေပြီးတဲ့အချိန်ထိ ရုံးအပြင်ဘက်ကနေ (၈) နာရီကြာ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းက ရှရှားနိုင်ငံမှာ ပျံ့နှံ့သွားခဲ့ပြီး မီဒီယာတွေက စိတ်ဝင်စားလာခဲ့ကြပါတယ်။ သူ့ရဲ့ဖြစ်ရပ်က ဂျပန်နိုင်ငံရဲ့ဟာချီကိုခွေးလေးရဲ့ဇာတ်လမ်းလေးနဲ့ တူနေတဲ့အတွက်ကြောင့်ပါပဲ။

သတင်းမီဒီယာတွေက ဒီခွေးလေးကို တကယ်စွန့်ပစ်မထားတာဟုတ်ရဲ့လားဆိုတာသိရဖို့အတွက် သူ့သခင်ကို ဆက်သွယ်ခဲ့ကြပါတယ်။ သူ့ရဲ့သခင် ဆာဗတ်လာနာက “ဒီခွေးလေးက လေလွင့်ခွေးမဟုတ်ပါဘူး။ သူ့ရဲ့သခင် ရုံးဆင်းလာတာကို စောင့်ဆိုင်းနေတာပါ”ဆိုတဲ့ လက်ရေးစာလေးနဲ့ ခွေးလေးရဲ့ဘေးမှာ ရေးသားထားပါတယ်။ ခွေးလေးက ချမ်းလည်းမချမ်းသလို ဗိုက်လည်းမဆာပါဘူး။ ဒါက သူ့ရဲ့သခင်နဲ့အတူ အလုပ်သွားဖို့အတွက် တစ်နေ့တာ အလုပ်ပါပဲလို့လည်း ပြောပါတယ်။

အပြင်သွားလို့ အိမ်မွေးတိရစ္ဆာန်လေးတွေ အိမ်မှာ ကျန်ခဲ့ရင် သူတို့ဘယ်လိုဖြစ်နေမလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ သေချာတာကတော့ ဒီခွေးလေးက သူ့သခင်နဲ့ခွဲနေရမှာကို မလိုလားတာပါပဲ။ အိမ်နီနားချင်းတွေကတော့ အိမ်မှာ တစ်ကောင်တည်းကျန်ခဲ့တဲ့အခါ ဟပ်စကီခွေးလေးက တစ်နေ့လုံးအကြာကြီး ကုတ်ခြစ်တယ်လို့ ဆိုပါတယ်။ သူ့သခင်က ငှားထားတဲ့အိမ် ပျက်စီးသွားမှာဆိုးတာကြောင့် သူနဲ့ခွေးလေး နှစ်ယောက်လုံးအတွက် အဆင်ပြေစေမယ့် ဖြေရှင်းနည်းကို ရှာခဲ့ပါတယ်။ မနက်တိုင်း ဆာဗတ်လာနာရဲ့နာရီနိုးစက်နဲ့ ခွေးလေးက ထလာပြီး တံခါးဆီကို ပြေးသွားတတ်ပါတယ်။ ခွေးလေးက ဆာဗတ်လာနာနဲ့အတူ အလုပ်သွားဖြစ်ပါတယ်။ ဈေးဝယ်တဲ့အခါမှာလည်း ဈေးဆိုင်အနီးနားမှာ ခွေးလေးကို ထားခဲ့ပါတယ်။ သူ့ရဲ့အလုပ်ချိန်အတွင်းမှာဆိုရင်လည်း (၁၀) မိနစ်လောက်လမ်းလျှောက်ဖို့အတွက် (၁) နာရီတစ်ခါ ခွေးလေးကို လာကြည့်ဖြစ်ပြီး နေ့လည်စာစားချိန် မိနစ် (၄၀) လုံးလုံး ခွေးလေးနဲ့ အချိန်ဖြုန်းဖြစ်ပါတယ်။

ဟပ်စကီခွေးအမျိုးအစားတွေက အအေးဒဏ်ကို ခံနိုင်တဲ့အတွက် အပြင်ဘက်မှာထားတာ အန္တရာယ်မရှိပါဘူး။ ဆာဗတ်လာနာက သူ့ခွေးလေးရဲ့နာမည်ကို ထုတ်ပြောမထားပါဘူး။ သူစိမ်းတွေ သူ့ခွေးလေးကို ခေါ်သွားမှာဆိုးတဲ့အတွက်ကြောင့်ပါ။ ဆာဗာလာနာက ခွေးလေးကို ရှိတဲ့နေရာတိုင်းမှာ စာတွေ ချန်ထားလေ့ရှိပါတယ်။ “သူ့ကို စွန့်ပစ်ထားတာမဟုတ်ပါဘူး။ သူ အလုပ်လုပ်နေတာပါ။ သစ်ပင်ကို စောင့်ပေးနေတာပါ။ သူ့သခင်က ဆိုင်ထဲမှာပါ” ဆိုတဲ့စာသားလေးပါပဲ။

အဲဒီအပြာရောင်ဆွယ်တာဝတ်ဆင်ထားတဲ့ခွေးလေးဟာ လူသိများလာခဲ့ပြီး အင်စတာဂရမ်မှာ ကမ္ဘာတစ်ဝှမ်းက ခွေးချစ်သူတွေရဲ့နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ “ကျွန်မ သူ့ကို ခွေးလို့ မမှတ်ယူပါဘူး။ သူက ကျွန်မရဲ့သူငယ်ချင်း၊ ကျွန်မရဲ့သားပါ။ ကျွန်မတို့က ရာသီခွင်လည်းအတူတူပါပဲ။ နှစ်ယောက်လုံး မကာရရာသီဖွားတွေပါ။ သူ့ကို ကျွန်မကောင်းကောင်းနားလည်ပြီး သူကလည်း ကျွန်မကို နားလည်ပါတယ်” လို့ ဆာဗလာနာက ပြောခဲ့ပါတယ်။

Ref: Dog Patiently Waits Outside For His Owner To Leave Work Every Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top