အစ္စတန်ဘူလ် ဗိုလ်လုပွဲကို ပြန်အမှတ်ရစေတဲ့ အန်ဖီးလ်ကွင်းက လီဗာပူးရဲ့ သမိုင်းဝင်နိုင်ပွဲ

f.jpg

နူးကမ့်ကွင်းမှာ ဘာစီလိုနာကို (၃) ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးဟာ အန်ဖီးလ်ကွင်းမှာ အံ့အားသင့်စရာကောင်းလောက်တဲ့ စွမ်းဆောင်မှုမျိုးနဲ့ (၄) ဂိုးပြတ် အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၃) ဂိုးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆာလာ၊ ဖာမီနိုတို့ မပါဝင်နိုင်လို့ အော်ရီဂီ၊ ရှာကီရီ၊ မာနေးတို့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာတဲ့ လီဗာပူးဟာ ပွဲချိန် (၇) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဂျိုးမာတစ် ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျော်ဒီအယ်ဘာ ခေါင်းတိုက်ရာမှာ မာနေးဆီ ရောက်သွားပြီး မာနေးထံကတစ်ဆင့် ဟန်ဒါဆင် ဆွဲပြေးကန်သွင်းတာကို ဘာစီလိုနာဂိုးသမား စတီဂျန် ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ အသင့်ရှိနေတဲ့ အော်ရီဂီက ပိတ်သွင်းနိုင်ခဲ့လို့ လီဗာပူး အဖွင့်ဂိုးရခဲ့ပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ လီဗာပူးအတွက် အဖိုးတန် အနိုင်ဂိုးသွင်းပေးပြီး သူရဲကောင်းဖြစ်ခဲ့တဲ့ အော်ရီဂီဟာ ဒီပွဲမှာလည်း လီဗာပူးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်စေမယ့် ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပါတယ်။ အော်ရီဂီအတွက် ကစားသမားဘဝမှာ ပထမဆုံး ချန်ပီယံလိဂ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ အယောက် (၅၀) မြောက် လီဗာပူး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် တိုက်စစ်ဆင်လာတဲ့ ဘာစီလိုနာအသင်းဟာ နောက်ထပ် (၁၂) မိနစ်အတွင်း ဂိုးသွင်းခွင့် (၂) ကြိမ်ရခဲ့ပေမဲ့ မက်ဆီ၊ ကော်တင်ဟိုတို့ရဲ့ ကန်ချက်တွေကို အလစ်ဆန် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ်ပိုင်းအကြာမှာ ရောဘတ်ဆန်ရဲ့ ကိုက် (၂၀) အကွာ ကန်ချက်ကိုလည်း ဘာစီလိုနာဂိုးသမား စတီဂျန် ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ မက်ဆီ ဂိုးရဖို့နီးစပ်ခဲ့ပေမဲ့ အလစ်ဆန် ကာကွယ်နိုင်ခဲ့သလို ကန်ချက်တစ်ကြိမ်ကလည်း ဂိုးဘေးကပ်ထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရောဘတ်ဆန်အစား ဝစ်နယ်ဒမ် လူစားဝင်လာပြီး (၂) မိနစ်အတွင်း (၂) ဂိုးသွင်းပေးခဲ့လို့ ဘာစီလိုနာ ဖိအားများခဲ့ပါတယ်။ ပွဲချိန် (၅၄) မိနစ်မှာ ဂျော်ဒီအယ်ဘာရဲ့အမှားကနေ အာနိုး ဖြတ်တင်ပေးတဲ့ဘောလုံးကို ဝစ်နယ်ဒမ်က ကန်သွင်းပြီး ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးကို စတီဂျန် ဖမ်းမိသင့်ပေမဲ့ သူ့လက်ထဲက ချော်ထွက်ပြီး ဂိုးဝင်သွားခဲ့တာပါ။ နောက် (၂) မိနစ်အကြာမှာလည်း ရှာကီရီရဲ့ဖြတ်တင်ဘောကို ဝစ်နယ်ဒမ်က ခေါင်းတိုက်ပြီး တတိယဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

ပွဲချိန် (၇၉) မိနစ်မှာ ဘာစီလိုနာကစားသမားတွေ အငိုက်မိနေတုန်း အာနိုးက ထောင့်ကန်ဘော ကန်တင်ပေးလိုက်တာကို အော်ရီဂီက အပိုင်ပိတ်သွင်းပြီး လီဗာပူးအတွက် ပွဲသိမ်းဂိုးသွင်းခဲ့တာပါ။ ဒီဂိုးဟာ လီဗာပူးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့တဲ့ဂိုးဖြစ်ပြီး ၂၀၀၅ ခုနှစ်က အစ္စတန်ဘူလ်မြို့မှာ အေစီမီလန်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲကို ပြန်အမှတ်ရစရာ ဖြစ်စေခဲ့ပါတယ်။ အဲဒီတုန်းကလည်း လီဗာပူးဟာ (၃) ဂိုးပြတ် ရှုံးနိမ့်နေပြီးမှ (၃) ဂိုးပြန်သွင်းပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အေစီမီလန်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ ဥရောပပြိုင်ပွဲ ဒါမှမဟုတ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို (၉) ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ၂၀၀၈၊ ၂၀၀၉ ခုနှစ်နောက်ပိုင်း နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်အသင်း ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမအကျော့ ရှုံးနိမ့်ခဲ့ပြီးမှ နောက်တစ်ဆင့် တက်လှမ်းနိုင်တဲ့ အသင်း (၅) သင်း ရှိလာခဲ့ပြီး အဲဒီလိုစွမ်းဆောင်ရာမှာ အရင်နှစ်ပြိုင်ပွဲတွေထက် အသင်းပိုများခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top