ပါတီအောင်နိုင်ရေးထက် နိုင်ငံအောင်နိုင်ရေးကို ဦးစားပေးရမယ့်အချိန်

12-10-2020-yyl-020.jpg

ကိုဗစ်ကလည်း များများစစ်လေ၊ များများတွေ့လေပဲ၊ ဒုတိယလှိုင်းအစတုန်းက ၁၀၀ ကျော်၊ နောက်တော့ ၁၀၀၀ ကျော်၊ အခုနောက်ဆုံး ၂၀၀၀ နားတစ်ဝိုက်ဖြစ်လာပြီ။ မနေ့တုန်းက အတည်ပြုလူနာ သေဆုံးမှုနှုန်းကတော့ စံချိန်တင်ပဲ။ ၄၈ ဦးတောင် သေဆုံးခဲ့တယ်။ နာရီဝက် တစ်ယောက်နှုန်းပဲ။ ပထမလှိုင်းတုန်းက ၆ ဦးပဲ သေဆုံးခဲ့ပေမဲ့ ဒုတိယလှိုင်းမှာ ၆၄၀ သေဆုံးခဲ့လို့ စုစုပေါင်း ၆၄၆ ဦး ရှိနေပြီ။ လူနာ စုစုပေါင်း (၂၇,၉၇၄) ယောက် ရှိတယ်။ ဆေးရုံပြန်ဆင်းတဲ့သူကတော့ (၉,၇၄၂)ဦးဆိုတော့ ကုသမှုခံယူရဆဲလူနာ ၁၈,၀၀၀ ကျော် ရှိနေသေးတယ်။

ဒုတိယလှိုင်းအစမှာ ရခိုင်ပြည်နယ်က လူနာတွေ့ရှိမှုများခဲ့ပေမဲ့ အခုချိန်မှာတော့ ရန်ကုန်က ရောဂါကူးစက်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်နေတယ်။ အောက်တိုဘာလ ၁၀ ရက်က လူနာသစ် ၂၁၅၈ ဦး တွေ့ရှိခဲ့တဲ့အထဲမှာ ရန်ကုန်တိုင်းက ၁၉၀၆ ဦး ပါတယ်။ အနယ်နယ်အရပ်ရပ်က ကျန်းမာရေးဝန်ထမ်းတွေပါ ရန်ကုန်ကို လာကူနေရတယ်။ ဆေးရုံတွေနဲ့တင် မလုံလောက်တော့လို့ ကိုဗစ်လူနာ ကုသရေးစင်တာတွေလည်း တစ်ခုပြီး တစ်ခု ထပ်ဖွင့်နေရတယ်။ (ဒီလို စေတနာရှင်၊ အလှူရှင်တွေရှိနေတာတော့ အရမ်းဝမ်းသာမိတယ်။) ရန်ကုန်က အဓိကဗဟိုချက်ဖြစ်နေပေမဲ့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာလည်း နေ့တိုင်းနီးပါး လူနာသစ် ဆယ်ဂဏန်း တွေ့နေတုန်းပဲ။

ကိုဗစ်-၁၉ကို ရင်ဆိုင်တွန်းလှန်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက မနားမနေ၊ ပင်ပင်ပန်းပန်း အားစိုက်နေကြချိန်မှာ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးတွေ လုပ်နေတာ မြင်ရတော့ ” ကိုဗစ်က တကယ်ဖြစ်နေတာလား”လို့တောင် တွေဝေသွားမိတယ်။ လူ ၅၀ အထက် စုဝေးခွင့်မရှိဆိုပေမဲ့ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးတွေမှာ ပါဝင်နေသူတွေက လူ ၅၀ မကပါဘူး။ နေ့စဉ်ဘဝမှာ ခပ်ခွာခွာဆိုပေမဲ့ ကားတွေ၊ လှေတွေ၊ ဆိုင်ကယ်တွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်နဲ့ မဲဆွယ်စည်းရုံးနေကြတာပါ။ ရွေးကောက်ပွဲက အရေးကြီးတယ်၊ မဲပေးဖို့ အရေးကြီးတယ်ဆိုပေမဲ့ အခုလို အချိန်မှာ မလိုလားအပ်တဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့ကလည်း အရေးကြီးပါတယ်။ (ဒါဟာ ပါတီအောင်နိုင်ရေး၊ မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ပါတီတိုင်းကို ရည်ရွယ်ပါတယ်)။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဗဟိုချက်က ရန်ကုန်တိုင်း တစ်ခုတည်းမို့လို့သာ ကျန်းမာရေးစနစ် တောင့်ခံနိုင်စွမ်းရှိတာပါ။ နှစ်ရှည်လများ ဘတ်ဂျက်အသုံးစရိတ် နည်းပါးခဲ့တဲ့ မြန်မာ့ကျန်းမာရေးကဏ္ဍက ကိုဗစ်-၁၉ ရောဂါ ဗဟိုချက်အများကြီးကို ရင်ဆိုင်နိုင်ဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။ ကိုဗစ်နဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ တိုက်ပွဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ဒီတိုက်ပွဲ အနိုင်နွှဲဖို့ ရှေ့တန်းကနေ အားသွန်ခွန်စိုက် ကြိုးပမ်းနေချိန်မှာ ကျန်တဲ့သူတွေက မကူညီရင်တောင် မနှောင့်ယှက်သင့်ပါဘူး။ အခုချိန်ဟာ ပါတီအောင်နိုင်ရေးထက် နိုင်ငံအောင်နိုင်ရေးကို ဦးစားပေးရမယ့်အချိန်လို့ပဲ ပြောပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top