အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲက ထူးဆန်းတဲ့ မှတ်ချက်

6-7-2020-yyl-028.jpg

အိုင်းစတိုင်းဟာ ထင်ရှားတဲ့ ရူပသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို လူကိုအဓိကထားတဲ့ လူလူချင်းစာနာမှုဝါဒီသမား အဖြစ်လည်း နာမည်ကြီးပါတယ်။

အိုင်းစတိုင်းဟာ ၁၉၂၀ ပြည့်လွန်နှစ်ကာလတွေမှာ အာရှတစ်ဝှမ်းကို ခရီးလှည့် ခြေဆန့်ခဲ့ဖူးပြီး အာရှတစ်ခွင် ခရီးသွားမှတ်တမ်းတွေကို သူ့ကိုယ်ပိုင်ဒိုင်ယာရီလေးနဲ့ ရေးသွားခဲ့ဖူးတာ ရှိတယ်။ ဒါကိုပဲ အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းအနေနဲ့ ပရင့်စ်တန် (Princeton) တက္ကသိုလ်ပုံနှိပ်တိုက် ကနေ ထုတ်ဝေခဲ့ပါတယ်။

အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲမှာ “ဒီမယ်…တရုတ်တွေက အစားစားရင် ကြုံရာခုံတန်းလျားတွေတောင် ထိုင်မစားဘူး။ တခမ်းတနားနဲ့ သိပ်ကိန်းကြီးခန်းကြီးနိုင်တာ။ အစားစားရင်သာ အဲ့သလို။ အခင်းကြီးအခင်းငယ်ကိစ္စရှင်းတော့ အများသူငှာလိုပဲ ဖင်ဆောင့်ကြောင့်ထိုင်ရတာပဲမဟုတ်လား။ ကလေးတွေကအစ မြင်ရတာ စိတ်ဓာတ်ကျနေသလို၊ စိတ်အားငယ်နေကြသလိုပဲ။ ခပ်တုံးတုံး အအပုံတွေ ပေါက်နေတယ်။ တရုတ်တွေက ကလေးမွေးလွန်းလို့ တစ်ကမ္ဘာလုံးမှာသာ တရုတ်တွေဖြစ်သွားရင် ခက်ရချည်ရဲ့” လို့ ရေးခဲ့တာပါ။

တစ်ကိုယ်ရည်စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ဘွင်းဘွင်းရှင်းရှင်းပဲ ရေးထားပုံထောက်ရင်တော့ ပုံနှိပ်ထုတ်ဝေဖို့ စိတ်ကူးမရှိဘဲ ရေးဖြစ်ခဲ့ရုံသာဖြစ်နိုင်ကြောင်း ပညာရှင်တွေက ယူဆကြပြီး တရုတ်ပြည်အကြောင်း ရေးခဲ့တဲ့ အရေးအသားကိုတော့ အတော်လေး အံ့အားသင့်မိကြောင်း ဆိုကြပါတယ်။

အိုင်းစတိုင်းက သူ့ရဲ့ဒိုင်ယာရီထဲမှာ ဂျပန်တွေကိုလည်း ဆော်ခဲ့တာပါပဲ။ “ဂျပန်တွေဟာ အနုပညာအရည်အသွေး နဲ့ ရသခံစားမှုပိုင်း ပြောင်မြောက်လျက်နဲ့ကို ဦးနှောက်နဲ့ ဥာဏ်ရည်ဥာဏ်သွေးကျတော့ အတော်ဆုတ်ယုတ်တဲ့လူမျိုးတွေပါလား” လို့ ဒိုင်ယာရီထဲ ထည့်ရေးခဲ့ပါတယ်။ “အိန္ဒိယ၊ တရုတ် နဲ့ ဂျပန်လူမျိုးတွေဟာ တကယ့်နလပိန်းတုံးတွေပဲ” လို့ ရေးသားထားတာ ထပ်ပြီးတွေ့ရပါတယ်။

တရုတ်ပြည်ရဲ့လူမှုကွန်ရက်မှာတော့ အိုင်းစတိုင်းရဲ့အမြင်ဟာ ခေတ်ကာလနဲ့သာ သက်ဆိုင်နေတယ် လို့ ဆိုကြသလို ဒီခရီးသွားမှတ်တမ်းကို ထုတ်ဝေခဲ့ဖို့ မသင့်ဘူးလို့ ဖော်ပြနေကြတယ်။ တချို့ကတော့ လူမျိုးရေးမုန်းတီးမှုဆိုတာ ခေတ်နဲ့မသက်ဆိုင်ဘူး လို့ ဆိုပါတယ်။

DW-TV သတင်းဌာနကတော့ အိုင်းစတိုင်းရဲ့အဆိုတွေဟာ အရငေ်ခတ် ဥရောပဘက်မှာ အမြစ်တွယ်နေခဲ့တဲ့ လူမျိုးရေးမုန်းတီးနှိမ့်ချမှုတွေကို ထင်ဟပ်စေခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အိုင်းစတိုင်းဟာလည်း သူတွေ့ကြုံရမျှမှာ အဆိုးဘက်အမြင်တွေကို မဖုံးဖိနိုင်ခဲ့သူတစ်ယောက်သာလို့ ဆိုရမှာပါ။ အမှန်ကတော့ လူတိုင်း မြင်တတ်၊ ရှိတတ်ကြတဲ့အဆိုးမြင်မှုမျိုးပဲဖြစ်သလို အိုင်းစတိုင်းဖြစ်နေတာကြောင့်သာ လူပြောစရာဖြစ်ခဲ့ပေမဲ့ ထူးခြားအံ့ဩစရာတော့ မရှိလှပါဘူး။ အိုင်းစတိုင်းဟာလည်း လူသားတွေထဲက လူသားတစ်ဦးပဲ ဖြစ်နေတာမို့ပါပဲ။

Ref: news.cgtn.com “Einstein’s travel diaries reveal racist views of Chinese”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top