ငွေကြေးအများဆုံးဆုံးရှုံးသူအဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အီလွန်မက်စ်

10-1-2023-yyl-72.jpg

လက်ရှိ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်စ်က ငွေကြေးအများဆုံးဆုံးရှုံးသူအဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။ အီလွန်မက်စ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက ဒေါ်လာ ၁၈၃ ဘီလျံဝန်းကျင်ဆုံးရှုံးခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းခဲ့ပေမဲ့ တချို့သတင်းအရင်းအမြစ်တွေက ဒေါ်လာ ၂၀၀ ဘီလျံနီးပါးလို့ ညွှန်ပြနေတယ်လို့ ကမ္ဘာဂင်းနက်စ်စံချိန်မှတ်တမ်းဟာ သောကြာနေ့က ဆိုပါတယ်။ ဂျပန်နည်းပညာရင်းနှီးမြှုပ်နှံသူ မာဆာယိုရှိ ဆွန်ဟာ ၂၀၀၀ ခုနှစ်က ဒီစံချိန်ကို ချိုးခဲ့တာပါ။ မာဆာယိုရှိ ဆွန်က ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်လာ ၇၈ ဘီလျံကနေ ဇူလိုင်လမှာ ဒေါ်လာ ၁၉.၄ ဘီလျံထိ လျော့နည်းသွားခဲ့တာပါ။

“ကိန်းဂဏန်းအတိအကျကို အတည်ပြုဖို့မဖြစ်နိုင်သလောက်ဖြစ်ပေမဲ့ မက်စ်ရဲ့စုစုပေါင်းဆုံးရှုံးမှုဟာ ၂၀၀၀ ခုနှစ်က ငွေကြေးအများဆုံးဆုံးရှုံးသူဖြစ်ခဲ့တဲ့ ဂျပန်နည်းပညာရင်းနှီးမြှုပ်နှံသူ မာဆာယိုရှိ ဆွန်ရဲ့စံချိန်ထက် ကျော်သွားခဲ့ပါတယ်”လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။ အီလွန်မက်စ်က တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက် အောက်တိုဘာလမှာ ကြွယ်ဝချမ်းသာမှုတွေ ကျဆင်းလာမှုက အရှိန်မြင့်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အီလွန်မက်စ်ရဲ့ကြွယ်ဝချမ်းသာမှုက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၃၂၀ ဘီလျံကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဒေါ်လာ ၁၃၇ ဘီလျံအထိ ကျဆင်းသွားခဲ့တယ်။ အများစုက Tesla ရဲ့စတော့ရှယ်ယာတွေရဲ့စွမ်းဆောင်ရည်အားနည်းမှုကြောင့်ဖြစ်တယ်။ အီလွန်မက်စ်က တွစ်တာကို ဝယ်ယူဖို့အတွက် ဒေါ်လာ ၇ ဘီလျံဖိုး Telsa ရဲ့စတော့ရှယ်ယာတွေကို ရောင်းချခဲ့ပြီး နိုဝင်ဘာမှာ နောက်ထပ် ဒေါ်လာ ၄ ဘီလျံဖိုးရှယ်ယာတွေ ရောင်းချခဲ့တယ်။ ပြီးခဲ့တဲ့လကလည်း ဒေါ်လာ ၃.၅၈ ဘီလျံဖိုး ရှယ်ယာတွေရောင်းချခဲ့တယ်။ ဧပြီလကတည်းက ရောင်းချခဲ့တဲ့ စတော့ရှယ်ယာတန်ဖိုး ဒေါ်လာ ၂၃ ဘီလျံကျော်အထိရှိခဲ့တယ်လို့ The Hill က ဖော်ပြပါတယ်။

Ref: NDTV “Elon Musk Breaks Guinness World Record For Largest-Ever Loss Of Personal Fortune”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top