သမိုင်းဝင်ကမ္ဘာပတ်ခရီးစဉ်ကို ဖန်တီးပုံဖော်နေကြတဲ့မြန်မာဆိုင်ကယ်သမားလူငယ်နှစ်ဦး လန်ဒန်မြို့ကိုရောက်ရှိ

img4.jpg

မိုင်ပေါင်း (၁၇၀၀၀) ကျော်ရှည်လျားတဲ့ခရီးစဉ်အတွက် နိုင်ငံ (၁၉) နိုင်ငံကို ဆိုင်ကယ်တွေနဲ့ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ (၃) လကြာခရီးနှင်မှုအဆုံးမှာတော့ မြန်မာဆိုင်ကယ်သမားလူငယ်နှစ်ဦးရဲ့ Motourlogue ဟာ သူတို့ရဲ့ခရီးပန်းတိုင်အရပ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ဆီကို သြဂုတ်လ (၂၆) ရက် ည (၇) နာရီဝန်းကျင်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နိုင်ခဲ့ကြပါပြီ။ မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံကနေလန်ဒန်မြို့ထိ မော်တော်ဆိုင်ကယ်မောင်းပြီး ပထမဆုံးအဖြစ်စွန့်စားခရီးထွက်ခဲ့ကြတဲ့ ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ရဲ့သမိုင်းဝင်ခရီးစဉ်ကိုဂုဏ်ပြုလိုတဲ့ရည်ရွယ်ချက်အပြင် မြန်မာကို ကမ္ဘာကပိုမိုသိရှိစေလိုခြင်း၊ မြန်မာလူငယ်တွေအနေနဲ့ Comfort Zone ထဲက ရုန်းထွက်ပြီး စိတ်အားထက်သန်မှုကိုခံစားရစေလိုခြင်း စတဲ့ရည်ရွယ်ချက်တွေနဲ့ အခုလိုမိုင် (၃၀၀၀၀) ရှိတဲ့ခရီးစဉ်တစ်ခုစီစဉ်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ (၃) လအတွင်းမှာ တစ်နေရာကနေတစ်နေရာခရီးဆန့်ရင်း ကျွန်တော်ခံစားရတာက လက်ရှိအချိန်ကိုတန်ဖိုးထားဖို့ပါပဲ။ ကျွန်တော်တို့ဖြတ်လာတဲ့နေရာတချို့ဆို တော်တော်လေးလှတာကိုတွေ့ရတယ်၊ လမ်းမှာ နှုတ်ဆက်စကားပြောခဲ့သူတချို့ဆိုလည်း ဒီတစ်သက်မှာ တစ်ခါလောက်ပဲတွေ့ရဖို့များတယ်။ အဲဒီမှာ ကျွန်တော်စဉ်းစားမိလာတာကတော့ အချိန်တိုင်းကိုတန်ဖိုးထားဖို့ပါပဲ။ အခု (၃) လ ဖြတ်သန်းလာခဲ့တဲ့တစ်လျှောက်မှာဆို ကျွန်တော်တို့ လက်လျှော့ချင်စိတ်ပေါ်လာတဲ့အချိန်တွေရှိခဲ့တယ်ဗျ။ ဒါပေမဲ့ နောက်ဆုံးရလဒ်ထွက်အောင်အကောင်းဆုံးလုပ်မယ်ဆိုတဲ့ မလျော့တဲ့ဇွဲနဲ့ဆက်လာခဲ့တာမှာ အခုဆို ယူကေထိ ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ခရီးစဉ်က အခုမှ လမ်းကြောင်းတစ်ဝက်ပဲရှိပါသေးတယ်။ အပြန်ခရီးမှာတွေ့ရမယ့် စွန့်စားမှုတွေ၊ စိန်ခေါ်မှုတွေက အများကြီးရှိလာဦးမှာပါ” ဟု Motourlogue အဖွဲ့ဝင် ကိုအောင်ကျော်ဝင်းကပြောပြပါတယ်။

နောက်ထပ် Motourlogue အဖွဲ့ဝင်ဖြစ်သူ စိုင်းဇွမ်ဖကလည်း “ကျွန်တော်တို့ အနေနဲ့ ခရီးစဉ်တလျှောက် ဖြတ်သန်းခဲ့တဲ့နိုင်ငံ (၁၉) နိုင်ငံက ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ အထင်ကရနေရာတွေကို အတတ်နိုင်ဆုံး ဝင်လည်ပတ်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ သန့်ရှင်းသပ်ရပ်ရေးအတွက်အားထုတ်မှုတွေကို ကျွန်တော်တို့ကိုယ်တိုင် လေးစားမှုပြုပြီး လေ့လာလည်ပတ်ခဲ့တာပါ။ ပြီးတော့ နိုင်ငံတိုင်းလိုလိုမှ ာ သူတို့နိုင်ငံသားတွေက တိုင်းပြည်သပ်ရပ်လှပနေဖို့ ကြိုးစားအားထုတ်ကြတာကိုမြင်ခဲ့ရတာက အားကျအတုယူဖို့ကောင်းပါတယ်” လို့ ပြောပြခဲ့ပါတယ်။

စိုင်းဇွမ်ဖနဲ့ကိုအောင်ကျော်ဝင်းတို့နှစ်ဦးဖွဲစည်းထားကြတဲ့ Motourlogue ဟာ ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှား၊ ဘေလာရုစ်၊ ပိုလန်၊ လစ်သူရေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ လူဇင်ဘော့၊ ဘယ်လ်ဂျီယန်၊ နယ်သာလန်နဲ့ အင်္ဂလန် စတဲ့နိုင်ငံတွေကို ကျော်ဖြတ်ခရီးနှင်ခဲ့ပြီးဖြစ်ကာ မကြာခင်မှာပဲ မြန်မာနိုင်ငံဆီပြန်လာဖို့အတွက် စတင်ခရီးနှင်ကြတော့မှာဖြစ်ပါတယ်။

Photos: Motourlogue

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top