တီရဲလ်ထန်၏အိပ်မက်များအကောင်အထည်ပေါ်ရန် ရက် ၂၀ အလို

6BCDFCD2-F571-49BB-8D26-E2005A8A0092.jpeg

လူတိုင်းသည် မိမိတို့ရည်မှန်းချက်အိပ်မက်များကို အကောင်အထည်ဖော်နေရလျှင် မည်မျှပင်ခက်ခဲစေကာမူ ပင်ပန်းသည်ဟုမထင်ကြပေ။ မျှော်လင့်ချက်၏ စေစားရာကို မမောနိုင် မပန်းနိုင် လိုက်ပါလုပ်ဆောင်ရင်း အချိန်ကုန်သွားတက်ကြသည်။

အဆိုပါသူများထဲတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများကိုစိတ်ပါဝင်စားသူ တီရဲလ်ထန်လည်း အပါအဝင်ဖြစ်သည်။ တီရဲလ်ထန်သည် နှစ်ပေါင်းများစွာ ၎င်းဝါသနာပါသော ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ကို လေ့လာလိုက်စားရင်း အိပ်မက်များကို တစ်ထစ်ခြင်းထုဆစ်ခဲ့သည်။ တီရဲလ်ထန်၏ တစ်လှမ်းခြင်းလှမ်းခဲ့သောခြေလှမ်းများကြောင့် ယခုအခါ ၎င်း၏အိပ်မက်များသည် အမှန်တကယ်ဖြစ်လာချေပြီ။ ထိုအိပ်မက်များ အကောင်အထည်ပေါ်လာရန်မှာ ရက်ပိုင်းမျှသာလိုတော့သည်။

တီရဲလ်ထန်၏ ပထမခြေလှမ်း
မည်သည့်အလုပ်မဆို အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ တီရဲလ်ထန်လျှောက်လှမ်းမည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံခရီးလမ်းအစ ပထမခြေလှမ်းသည် အရေးပါလှသည်။ ၎င်း၏အိပ်မက်များ ရုပ်လုံးဖော်ပေးနိုင်မည့်သူသည် ဒီကမ္ဘာတွင်တစ်ယောက်တည်းသာရှိကြောင်း တီရဲလ်ထန် သိထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းနေထိုင်ရာ နယူးယောက်မြို့မှ ၄နာရီကျော် ကားမောင်း၍ခရီးနှင်ကာ အောင်လအန်ဆန်ထံ သွားရောက်အကူအညီယူခဲ့သည်။

တီရဲလ်ထန်၏ပထမခြေလှမ်းသည် မှန်ကန်လှသည်။ အောင်လအန်ဆန်းက အကြံဉာဏ်များပေးခဲ့သည့်အပြင် တီရဲလ်ထန်ကို ၎င်း၏လေ့ကျင့်ရေးစင်တာတွင် လေ့ကျင့်ခွင့်ပေးခဲ့သည်။ ၎င်းသည် အမေရိကန်ရှိ အပျော်တမ်း ကိုယ်ခံပညာသိုင်းပေါင်းစုံအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားရရှိလာခဲ့ပြီး အတွေ့အကြုံကောင်းများစွာ ရရှိခဲ့သည်။ Crazy 88 ကိုယ်ခံပညာသိုင်းပေါင်းစုံ လေ့ကျင့်ရေးစင်တာတွင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး အနာဂတ်အိပ်မက်အတွက် အကောင်အထည်ဖော်ခဲ့သည်။

ဦးဆောင်လမ်းပြသူ အောင်လအန်ဆန်
တီရဲလ်ထန်၏အိပ်မက်ကို အကောင်အထည်ပေါ်လာအောင် လမ်းပြပေးသူတစ်ဦးလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်း၏မျှော်လင့်ချက်များအကောင်အထည်ဖော်ရန် လမ်းပြသူအဖြစ် မြန်မာနိုင်ငံဂုဏ်ဆောင် ONE Championship ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကို ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သောခြေလှမ်းတစ်ခုပင်ဖြစ်သည်။ တစ်နိုင်ငံတည်းတွင်မွေးဖွားလာပြီး ဘဝဖြတ်သန်းပုံခြင်းတူနေသည့် တီရဲလ်ထန်ကို အောင်လအန်ဆန်က မိမိကိုကိုယ်ပြန်မြင်နေရသလို ခံစားမိသည်ဟု ဖွင့်ဟဖူးသည်။

အောင်လအန်ဆန်းသည် ၎င်းကို Crazy 88 ကိုယ်ခံပညာသိုင်းပေါင်းစုံလေ့ကျင့်ရေးစင်တာတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံလေ့ကျင်မှုများစွာသင်ကြားပေးခဲ့ပြီး အပျော်တမ်းကစားသမားတစ်ဦးအဆင့်မှ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်သည်အထိ လမ်းပြပေးခဲ့သည်။

“ထန်က အလုပ်အပေါ်မှာလည်း ကြိုးကြိုးစားစား ပြင်းပြင်းထန်ထန်လုပ်တယ်။ ဒီအပေါ်မှာ အာရုံစူးစိုက်ထားတာမို့ တစ်ချိန်မှာ အောင်မြင်မှုရမှာပါ။ တစ်နေ့နေ့မှာ သူဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါလိမ့်မယ်” ဟု အောင်လအန်ဆန်က မှတ်ချက်ပေးခဲ့သည်။

ပြင်းထန်သော လုံလအားစိုက်မှု
တီရဲလ်ထန်သည် ၎င်း၏ ဝါသနာအတွက် ပြင်းထန်သည့်လုံလအားစိုက်ထုတ်ပြီး ၂ နှစ်ကျော်ကြာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ရန် လေ့ကျင့်သင်ကြားခဲ့သည်။ ၎င်း၏ ပထမဆုံး အပျော်တမ်းအဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကို ၃ ပတ်သာ လေ့ကျင့်ခဲ့ပြီး ပြိုင်ဘက် တိုက်ကွမ်ဒိုကစားသမား ခါးပတ်အနက်ကို အနိုင်ယူပြနိုင်ခဲ့သည်။ ထန်၏ ကြိုးစားအားထုတ်မှုကြောင့် အပျော်တမ်းအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိလာခဲ့ပြီး တစ်စတစ်စနာမည်ကြီးလာခဲ့သည်။ ယခုတော့ ၎င်းရဲ့ စွမ်းရည်တွေကို ONE Championship က သတိထားမိလာပြီး ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်းတွင်ပါဝင်နိုင်မည့်အခွင့်အရေးရရှိခဲ့သည်။

“ဒီအခွင့်အရေးရဖို့ ကျွန်တော် ခက်ခက်ခဲခဲကိုအလုပ်လုပ်ခဲ့ရတယ်။ အခုတော့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို ကမ္ဘာကိုပြသခွင့်ရတော့မှာမို့ အရမ်းကိုစိတ်လှုပ်ရှားနေပါပြီ” ဟု ၂၅ နှစ်အရွယ်ရှိ တီရဲလ်ထန်က ONE Championship တွင် ပါဝင်ခွင့်ရသည့် ရင်ခုန်သံကို ပြောပြခဲ့သည်။

၎င်း၏အိပ်မက်များသည် တစ်ဖြည်းဖြည်းရုပ်လုံးကြွလာခဲ့ပြီး မွေးရပ်မြေတွင်ကျင်းပမည့် ONE: Regin of Valor ပြိုင်ပွဲတွင် တီရဲလ်ထန် ပါဝင်ခွင့်ရရှိခဲ့သည်။ တီရဲလ်ထန်သည် သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲတွင် ပထမဆုံး ပွဲဦးထွက်အဖြစ် ကမ္ဘောဒီးယားကစားသမား Rin Saroth နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အိပ်မက်များအကောင်အထည်ပေါ်ရန် ရက် ၂၀ အလို
တီရဲလ်ထန်သည် ကမ္ဘောဒီးယား ကစားသမား Rin Saroth ကို မွေးရပ်မြေတွင်အနိုင်ယူပြီး မြန်မာပရိသတ်ရှေ့တွင် ချန်ပီယံခါးပတ်ဆွတ်ခူးလိုသည်။ ထို့ကြောင့် နေ့တိုင်း လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန်လေ့ကျင့်လျက်ရှိသည်။ ၎င်းသည် အောင်လအန်ဆန်းနှင့်အတူ Hard Knocks 365 လေ့ကျင့်ရေးစင်တာတွင်လေ့ကျင့်လျက်ရှိပြီး တိုက်ခိုက်စွမ်းရည်များ တိုးတက်လာသည်။

တီရဲလ်ထန်၏အိပ်မက်များအကောင်အထည်ပေါ်လာရန်မှာ ရက်ပိုင်းမျှသာလိုတော့သည်။ ၎င်း၏ မွေးရပ်မြေ၌ Rin Sarothကို အလဲထိုးကာ မြန်မာနိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်း၏ ခြေရာနင်းမည့် မျိုးဆက်သစ်ကစားသမား ဖြစ်လာမည်လားဆိုသည်ကိုတော့ မတ်လ ၈ ရက်နေ့တွင် စောင့်ကြည့်ရမည် ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top