ကလေး (၁၀၀) ကျော်ကိုမွေးစားခဲ့တဲ့ တရုတ်အမျိုးသမီး လိမ်လည်မှုနဲ့ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခံရ

67125634_2499759236721648_5523331975630290944_n.jpg

ကလေးငယ် (၁၁၈) ယောက်ကိုမွေးစားခဲ့လို့ တချိန်တုန်းက ”လူ့ဘောင်အကျိုးသယ်ပိုးသူ”လို့ ဂုဏ်ပြုခံခဲ့ရဖူးတဲ့ တရုတ်အမျိုးသမီးဟာ လိမ်လည်မှု၊ ငွေညှစ်မှုတွေကြောင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံခဲ့ရပါတယ်။ လီယန်ရှားဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဟူပေပြည်နယ်၊ ဝူအန်းမြို့မှာ ကလေးငယ်တော်တော်များများကို မွေးစားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မီဒီယာတွေက သူ့အကြောင်း အပြိုင်ဖော်ပြခဲ့ကြလို့ လီယန်ရှား နာမည်ကျော်ကြားလာခဲ့တာပါ။

လီယန်ရှားဟာ အိမ်ထောင်ကွဲနေသူဖြစ်ပြီး သူ့ခင်ပွန်းဟောင်းက သူ့သားလေးကိုရောင်းစားခဲ့တယ်လို့ ပြောဖူးပါတယ်။ ဒါပေမဲ့ သူက လူကုန်ကူးသူတွေဆီကနေ သူ့သားကိုပြန်ဝယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ လီယန်ရှားရဲ့ဘဏ်အကောင့်ထဲမှာ ယွမ်ငွေ သန်း (၂၀) ၊ အမေရိကန်ဒေါ်လာ ၂၀၀၀၀ လောက်ရှိနေပြီး တန်ဖိုးကြီးကားတွေဖြစ်တဲ့ Land Rovers၊ မာစီးဒီးစ်ကားတွေပိုင်ဆိုင်နေတာကို ၂၀၁၈ ခုနှစ်မှာ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လီယန်ရှားချမ်းသာလာတာကို မသင်္ကာတဲ့တရုတ်ရဲတပ်ဖွဲ့က နောက်ကြောင်းလိုက်ကြည့်ချိန်မှာ ၂၀၁၁ ခုနှစ်ကတည်းက တရားမဝင်လှုပ်ရှားမှုတွေစလုပ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။ လီယန်ရှားဟာ မွေးစားထားတဲ့ကလေးငယ်တွေကို ကြိုးကိုင်ချယ်လှယ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ နှောင့်နှေးအောင်လုပ်ခဲ့ပါတယ်။ ဖြစ်ရပ်တစ်ခုမှာ လီယန်ရှားက ကလေးတွေကို ထရပ်ကားအောက်ဝင်ပြေးခိုင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းဆက်လုပ်လို့မရအောင် နှောင့်ယှက်ခဲ့ပါတယ်။ အဲဒီလို နှောင့်ယှက်ပြီးရင်တော့ လီယန်ရှားက ဆောက်လုပ်ရေးကုမ္ပဏီတွေဆီခြိမ်းခြောက်တဲ့စာပို့ပြီး ငွေညှစ်တယ်လို့ ဆိုပါတယ်။

အသက် (၅၄) နှစ်ရှိတဲ့ လီယန်ရှားကို ငွေညှစ်မှု၊ လိမ်လည်မှု၊ အတုလုပ်မှု၊ လူ့ဘောင်စနစ်ကိုနှောင့်ယှက်မှု စွဲချက်တွေနဲ့ အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် နှစ် (၂၀)၊ ယွမ်ငွေ ၂.၆၇ သန်း(အမေရိကန်ဒေါ်လာ ၃၈၈၀၀၀) ပေးဆောင်ဖို့ ဝူအန်မြို့တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် လီယန်ရှားရဲ့ချစ်သူအပါအဝင် အပေါင်းအပါ (၁၅) ဦးကိုလည်း အပြစ်ရှိတယ်လို့ စီရင်ချက်ချခဲ့ပါတယ်။ လီယန်ရှားရဲ့ချစ်သူ ဆုချီကို ထောင်ဒဏ် (၁၂) နှစ်ခွဲ၊ ဒဏ်ငွေအဖြစ် ယွမ်ငွေ (၁.၂) သန်း ချမှတ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top