ဂရင်းဒေး ပန့်ခ်ဂီတတီးဝိုင်းအကြောင်း စိတ်ဝင်စားဖွယ်ရာ အချက် (၁၀) ချက်

g.jpg

ဂရင်းဒေးတို့ဟာ ဂီတသက်တမ်း နှစ်သုံးဆယ်ပြည့်ဖို့ နီးကပ်လာပါပြီ။ ပန့်ခ်ဂီတကို အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ဖန်တီးပြခဲ့ကြတဲ့သူတွေပါ။ သီချင်းတွေရဲ့ အကြောင်းအရာတွေက မိန်းမတွေအကြောင်း၊ မူးယစ်ဆေးတွေအကြောင်း၊ လိင်အာသာဖြေမှုတွေအကြောင်း စသဖြင့် ထူးထူးခြားခြား အချိုးအကွေ့တွေကို လောင်ကျွမ်း ထုတ်လုပ်ပြခဲ့တဲ့ ပန့်ခ်ဂီတသမားတွေ။ တီးဝိုင်းမှာ အမ်းစထရောင်းက အဓိကပင်တိုင်အဆိုတော်၊ ဂစ်တာကိုပါ တီးပြီး ဟာမိုနီကာလည်း ရပါတယ်။ မိုက်ခ်ဒန့်က ဘေ့စ်ဂီတာသမား၊ ဟာမိုနီပါဆိုတယ်။ ထရေကူးလ်က မြန်နှုန်းမြင့်ဒရမ်ရိုက်ချက်တွေ မရပ်မနားတီးနိုင်တဲ့ ဒရမ်သမား။ သူလည်း ဟာမိုနီလိုက်တယ်

တီးဝိုင်းရဲ့ဒရမ်မာ အပြောင်းအလဲ

ဂရင်းဒေးတီးဝိုင်းအနေနဲ့ မဟုတ်ဘဲ Sweet Children ဆိုတဲ့ တီးဝိုင်းအနေနဲ့တုန်းကတော့ ဒရမ်မာ ဂျွန်ကစ်ဖ်မစ်ရာက ဒရမ်တီးပါတယ်။ ကောလိပ်တက်ဖို့ တီးဝိုင်းက သူထွက်တဲ့အချိန် အမ်းစထောင်း နဲ့ ဒန့် တို့က ထရေကူးလ်ကို တီးဝိုင်းထဲ ခေါ်ဖြစ်ခဲ့တယ်။ ဒီနောက်ပိုင်းတောက်လျှောက်ကို ဂရင်းဒေးရဲ့ ရှိုးတွေမှာ ကူးလ်ကပဲ ပင်တိုင် ဒရမ်တီးလာခဲ့တာ အခုထိပါပဲ။

လေးယောက်မြောက် အဖွဲ့ဝင်

သူက ဂီတပညာရှင် ဂျေဆင်ဝှိုက်ပါ။ 1999 ကတည်းက ဂရင်းဒေးတီးဝိုင်းနဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေမှာ လက်တွဲခဲ့ပြီး 2012 မှာ တရားဝင်အနေနဲ့ ဂရင်းဒေးအဖွဲ့ဝင်ဖြစ်လာခဲ့တယ်။ အဆိုတော် အမ်းစထရောင်းရဲ့ တခြားကိုယ်ပိုင်တီးဝိုင်းဖြစ်တဲ့ Pinhead Gunpowder ဝိုင်းမှာတော့ ဂျေဆင်က အဓိကအဆိုရှင်အနေနဲ့ သီဆိုသူ ဖြစ်ပါတယ်။

အမ်းစထရောင်းဟာ ပန့်ခ်သမားဆိုပေမယ့် ဘလူးစ်ဂီတကို အရမ်းနှစ်ခြိုက်ခဲ့

အမ်းစထရောင်းကို သူ့အမေ လက်ဆောင်ပေးခဲ့တဲ့ ဂစ်တာလေးရွိတယ်။ ဖာနန်ဒက်စ်အဖြူရောင်လေး။ အဲ့ဒီ ဂစ်တာလေးနဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ဘလူးစ်တွေ တီးခဲ့သလိုမျိုးပဲ အခုထိလည်း မပြောင်းမလဲ ဒီဂစ်တာလေးမှာ ဘလူးစ်တေးသွားတွေကို သူ စွဲစွဲမက်မက် တီးနေတုန်း။ တီးနေဆဲ။

အဖေ့ခြေရာနင်းတဲ့ သားလေးတွေ

ဂျိုယေး နဲ့ ယာကော့တို့ ၂ယောက်က အဖေဖြစ်တဲ့ အမ်းစထရောင်း ရဲ့ ခြေရာကို ကျိန်းသေပေါက်နင်းဦးမှာပါပဲ။ တကယ့် ဂီတသမားအလောင်းအလျာလေးတွေ။ ဂျိုယေးက Swmrs ဆိုတဲ့ တီးဝိုင်းမှာ ဒရမ်တီးတယ်။ ယာကော့က သီချင်းဆို၊ သီချင်းရေး၊ ဂစ်တာတီးပြီး Jacob Danger ဆိုတဲ့ နာမည်နဲ့ ပွဲဦးထွက် သီချင်းတွေ ထုတ်ခဲ့ဖူးတယ်။ 2011 တုန်းက အမ်းစထရောင်းက The Boo ဆိုတဲ့ တီးဝိုင်းကိုထောင်တယ်။ တီးဝိုင်းမှာက သူရယ်၊ သူ့မိန်းမ ရယ်၊ သားနှစ်ယောက် ရယ် နဲ့အတူ… သူတို့မိသားစု။ သူတို့ရဲ့ The Boo မိသားစုတီးဝိုင်းကနေ EP အယ်လ်ဘမ်လေးတစ်ချပ် အဲဒီနှစ်က ထွက်လာခဲ့ဖူးသေးတယ်။

အမ်းစထရောင်းသိပ်ကြိုက်တဲ့ the Everly Brothers’ အဖွဲ့

The Everly brothers တို့ရဲ့ အယ်လ်ဘမ် ” Songs Our Daddy Taught Us ” ထွက်လာတော့ အမ်းစထရောင်းက ဒီအခွေကို တစ်ခွေလုံး ကာဗာပြန်ဆိုချင်စိတ် ပေါက်သွားခဲ့တယ်။ အဆိုတော်မကြီး နိုရာဂျူံးစ် နဲ့ စုံတွဲ တွဲဆိုခဲ့ပြီး “Foreverly” ဆိုတဲ့ အယ်လ်ဘမ်အဖြစ် 2013 နိုဝင်ဘာလမှာ ထွက်လာခဲ့ဖူးတယ်။ ကြုံချင်တော့ ကြေကွဲစရာတစ်ခုက သူတို့ ကာဗာပြန်ဆိုတဲ့ ဒီအခွေထွက်အပြီး နောက် ၂လအကြာမှာပဲ Everly ညီအစ်ကိုတွေထဲက Phil Everly သေဆုံးသွားခဲ့ပါတယ်။

ပန့်ခ်ဆိုတာ ဘာမှန်းမသိတဲ့ အရွယ်

အမ်းစထရောင်း သီချင်းစဆိုခဲ့တာ ငါးနှစ်သားအရွယ်။ ပန့်ခ်ဆိုတာ ဘာမှန်းကိုမသိသေးတဲ့ အချိန်။ ဝါသနာဗီဇက မသေးလွန်းတော့ ငါးနှစ်သားမှာပဲ Look for Love ဆိုတဲ့သီချင်းကို အသံသွင်းခဲ့တယ်။ အွန်လိုင်းမှာ ဒီသီချင်း အခုထိရှိနေပါတယ်။

တီးဝိုင်းမှာ သီချင်းရေးကြတာ အမ်စထရောင်းတစ်ယောက်ပဲလား

အမ်စထရောင်းတစ်ယောက်တည်းမဟုတ်ဘဲ ဒန့် နဲ့ ဒရေကူးလ် တို့ကလည်း သီချင်းရေး သိပ်ကောင်းပါတယ်။ ဂရင်းဒေးမှာ သူတို့ သုံးယောက်လုံး သီချင်းတွေကို မျှရေးကြတယ်။ အရေးပိုင်းကို သုံးယောက်လုံး တာဝန်ယူတယ်။ Ha Ha You’re Dead,” “Nobody Likes You” နဲ့ “Modern World.” သီချင်းတွေက ဒန်ု့ရဲ့ လက်ရာတွေ။ ကူးလ်ကျတော့ တစ်မျိုး။ သူက ဟာသ သရော်တဲ့ဘက် သန်တာ။ ရေးလိုက်ရင် ရယ်ရတာတွေချည်းပဲ။ Dominated Love Slave,” “All By Myself,” “DUI,” နဲ့ “Like A Rat Does Cheese.” သီချင်းတွေဆိုတာ သိပ်သဘောကျချင်စရာကောင်းတဲ့၊ ရယ်ရတဲ့ သူ့သီချင်းတွေပါ။

ကိုယ်ပိုင် ဗီဒီယိုဂိမ်း

2009 မှာ ဂရင်းဒေးအတွက် Rock Band ဆိုတဲ့ ဗီဒီယို ဂိမ်းထွက်လာခဲ့တယ်။ ဂိမ်းထဲမှာ Dookie,’ ‘American Idiot’ နဲ့ ’21st Century Breakdown သီချင်းတွေပါတယ်။ ဂရင်းဒေးတို့ရဲ့ တခြားသီချင်းအဟောင်း ကောင်းကောင်းတွေလည်း ပါသေးဗျား။ ကိုယ်ပိုင်ဗားရှင်းနဲ့ ဂိမ်းကို ဖန်တီးပေးခံရတာ ဘီးတဲလ်စ်အဖွဲ့ ပြီးရင် ဒုတိယမြောက်က ဂရင်းဒေးပဲ။

ကော်ဖီသိပ်ကြိုက်ကြတဲ့ ဂရင်းဒေးတွေ

အမ်းစထရောင်း နဲ့ ဒန့်တ် တို့ရဲ့ “409 In Your Coffeemaker,” ဆိုတဲ့ သီချင်းတစ်ပုဒ် အသံသွင်းထားတာရှိတယ်။ မနေနိုင်လွန်းတော့ 2015 မှာ သူတို့ကိုယ်ပိုင် ကော်ဖီဆိုင်ကို ဖွင့်ပစ်လိုက်တယ်။ Oakland Coffee Works တဲ့။ အော်ဂဲနစ်ကော်ဖီကို ပထမဆုံးရောင်းခဲ့တာ သူတို့ပဲ။ ထုပ်ပိုးထားတဲ့ အိတ်တွေက မြေဆွေးအဖြစ် ပြန်သုံးလို့ ရအောင် သဘာဝပတ်ဝန်းကျင်အကျိုး အခြေပြု ဖန်တီးထုပ်ပိုးထားတာမျိုး။

ရော့ခ် အန် ရိုးလ် Hall of Fame စာရင်းထဲ အသက်အငယ်ရွယ်ဆုံး စံချိန်တင် ချီးမြှောက်ခံခဲ့ရ

ဂရင်းဒေးတို့ဟာ အသက် ၄၃ အရွယ်မှာတင် ရော့ခ်အန်ရိုးလ် Hall of fame ထဲ ဂုဏ်ပြုခြင်းခံခဲ့ကြရတယ်။ ဒါက 2015 ခုနှစ်မှာဖြစ်ပါတယ်။ ဒရမ်မာဟောင်း ဂျွန်ကစ်ဖ်မစ်ရာကတော့ Hall of fame ထဲ ပါခွင့်မရခဲ့ရပါဘူး။ အသက်အငယ်ရွယ်ဆုံး နဲ့ ဂုဏ်ပြုခံရတဲ့ မှတ်တမ်းစံချိန်တစ်ခုကို ဂရင်းဒေးတို့ ပိုင်ဆိုင်ခဲ့ကြပါတယ်။

Ref: http://ppcorn.com/us/green-day-15-interesting-facts-you-didnt-know/

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top